သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံ လုံခြုံရေး စိုးရိမ်ရဆဲ


ဘင်္ဂါလီမိသားစု
ဘင်္ဂါလီမိသားစု

ပျောက်ဆုံးနေဆဲ မောင်တောမြို့နယ် ဂွဆုံကျေးရွာမှ ဘင်္ဂါလီရာအိမ်မှူး ကိုတရွာထဲနေသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ လက်ရှိချိန်မှာ ကောက်ချက်ချထားပေမယ့် ခုချိန်ထိတော့ သေချာတိကျတဲ့ အဖြေမရသေးဘူးလို့ မောင်တောနယ်ခြားစောင့်တပ်ကပြောပါ တယ်။ လက်ရှိချိန်မှာ မောင်တောမြို့လုံခြုံရေးပိုင်းနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်နေရဆဲလို့ ဒေသခံတွေ ကပြောဆိုနေကြ ပါတယ်။ မောင် တောမြို့ပေါ်မှာတော့ အစ္စလမ်ဘာသာဝင်တွေနဲ့ ရခိုင်ဒေသခံတွေကြားမှာ သံသယ စိုးရိမ်စိတ်တွေကြီးထွားနေတာကြောင့် အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့ နိုင်ငံတကာဘက်က သုံးသပ်မှုတွေပြောဆိုနေမှုတွေ ရှိနေပေမယ့် ဒေသတွင်းနေတဲ့အစ္စလမ်ဘာသာဝင်တွေကတော့ နိုင်ငံတာထောက်ပြမှုတွေက မှားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို မေခက တင်ပြပေးမှာပါ။

ဒီဇင်ဘာ ၂၉ ရက်ညနေပိုင်းထဲက ပျောက်ဆုံးနေတဲ့ ဂွဆုံကျေးရွာအစ္စလမ်ဘာသာဝင်ရာအိမ်မှူး အန်နာမူလာဆိုသူကို ဒီကနေ့ထိ ရှာဖွေနိုင်ခြင်းမရှိသေးဘဲ ပျောက်ဆုံးနေ လျက်ရှိနေပါတယ်။ အတိုင်ပင်ခံရုံးထုတ်ပြန်ချက်မှာတော့ အန်နာမူလာကို တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသူလူခြောက်ဦး က ဝိုင်းဝန်းရိုက်နှက်ကာ ရွာအရှေ့ဘက်မှာ ရှိတဲ့မေယုတောင်ကြောဆီကို ဖမ်းခေါ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိချိန်မှာ သူ့ပျောက် ဆုံးမှုနဲ့ပတ်သတ်ပြီး နယ်ခြားစောင့်တပ်က ရဲမှုးကြီး သက်နိုင်က ခုလိုပြောပါတယ်။

“စိစစ်နေတုန်းပဲ ကျနော်တို့ တပ်နဲ့ပေါင်းပြီးတော့ ခေါ်သွားခံရတဲ့ သူရဲ့မိသားစုဝင်တွေပြီးရင် ရွာမှာစိစစ်တဲ့အချိန်မှာ ပျောက်နေတဲ့လူတွေရှိတယ်၊ ပျောက်နေတယ်ဆိုတာ သူတို့ခေါ်သွားတဲ့တယ်လို့ သံသယရှိတဲ့ လူတွေပေါ့နော်ကျနော်တို့ စိစစ်နေတုန်းပဲနော်။ အကြမ်းဖျဉ်းမှန်းတာကတော့ ၄-၅ ယောက်လောက်ရှိတယ် ၊ ၄-၅ ယောက်လောက်ကခေါ်သွားတယ်ဆိုပြီးတော့ အကြမ်းဖျဉ်းသုံးသပ်လို့ရတာပေါ့နော်၊ အဲဒါကိုတော့ စိစစ်နေတုန်းပဲ။”

မတည်မငြိမ် အခြေအနေတွေနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသရဲ့ လတ်တလောအခြေအနေမှာတော့ အစ္စလမ်ဘာသာဝင် မူဆလင်အသိုင်းအဝိုင်းက လူအချို့ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ အသတ်ခံရတာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုတွေ ကို ဖြေကြားပေးခဲ့တဲ့ အစ္စလမ်ဘာသာဝင်တဦးအပြင် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိ သူ အစ္စလမ်ဘာသာဝင် တဦးပေါင်း ၂ဦးတို့ အသတ်ခံခဲ့ရတာတွေရှိပါတယ်။ လက်ရှိချိန်ထိ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘဲ စုံစမ်းနေဆဲသာရှိတယ်လို့ ရဲမှုးကြီး သက်နိုင်ကပြောပါတယ်။

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပေမဲ့ မွတ်စလင်ကျေးရွာတွေမှာ ဘယ်သူက အကြမ်းဖက် သမားလဲ ဆိုတာ သိဖို့ ခက်ခဲသလို၊ အစိုးရတပ်တွေ၊ တာဝန်ရှိသူတွေနဲ့ ဒေသခံရွာသားတွေ ပူးပေါင်း ဆောင်ရွက်လို့မရအောင် အကြမ်းဖက်သမားတွေဘက်ကပူးပေါင်းဆောင်ရွက်သူတွေကို သတ်ဖြတ်တာတွေလုပ်ဆောင် တာတွေရှိနေတယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

လက်ရှိ မောင်တော မြို့ပေါ်မှာ ပြည်သူတွေရဲ့အသက်အိုးအိမ်လုံခြုံရေးနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေရဲ့ ကာကွယ်မှုပိုင်းက မေးခွန်းထုတ်နေ ရဆဲ ရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ဒေသခံတဦးဖြစ်တဲ့ ဦးခင်မောင်သန်းကပြည်သူတွေရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သတ်ပြီး ခုလိုပြောပြခဲ့ပါတယ်။

“ဒီအချိန်မှာ ဘင်္ဂလီတွေအသတ်ခံရတာကတော့ သူတို့အချင်းချင်းအဲဒီလို အစိုးရကို သတင်းပေးလို့ အသတ်ခံရတာများပါတယ်။ လောလောဆယ်ကတော့ ကျနော်တို့ လုံခြုံရေးအနေနဲ့ကတော့ သူတို့ ချထားတာက မလုံခြုံပေမယ့် ကျနော်တို့ အဲဒီလိုနေကြတာပဲ ၊ ဒီလောက်အခြေအနေနဲ့တော့ လုံခြုံမှုတော့မရှိပါဘူး။”

မောင်တောမြို့ပေါ်မှာတော့ အစ္စလမ်ဘာသာဝင်တွေနဲ့ရခိုင်ဒေသခံတွေကြားမှာ သံသရစိုးရိမ်စိတ်တွေကြီးထွားနေတာကြောင့် အကြောက်တ ရားနဲ့ နေထိုင်နေရတယ်လို့ နိုင်ငံတကာဘက်က သုံးသပ်မှုတွေပြောဆိုနေမှုတွေ ရှိနေပေမယ့် ဒေသတွင်းနေ တဲ့အစ္စလမ်ဘာသာဝင်တွေ ကတော့ နိုင်ငံတာထောက်ပြမှုတွေက မှားနေတယ်လို့ပြောဆိုလိုက်ပါတယ်။မောင်တော မြို့ပေါ်မှာနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်တဦးရဲ့ လက်ရှိ အစ္စလမ်ဘာသာဝင်တွေနဲ့ ရခိုင်ဒေသခံတွေကြားဆက်ဆံရေးအပေါ် ခုလိုပြောဆိုလိုက်ပါတယ်။

“ကျနော်ပြောနေတာ အခု ဘင်္ဂါလီမဟုတ်ဘူး ကျနော် ရိုဟင်ဂျာ မွတ်ဆလင်ပါ ၊ အခုကျနော်မောင်တောမြို့ အနောက်က ရွာမြို့အဝင်မှာ ရွာတရွာရှိတယ်။ အဲဒီရွာကပါ ခုနတုန်းက ဖုန်းကိုင်တာက ဗုဒ္ဓဘာသာ ရခိုင်လူမျိုးပေါ့နော် ၊ ကျနော်က အစ္စလာမ်ဘာသာဝင်။ အခုက သူတို့ အလှူဒါနလုပ်ဖို့ ကျနော်တို့ ရပ်ကွက်ကိုရောက်လာတာ။ ကျနော်တို့ အခုက တည်ငြိမ်အေးချမ်းပါတယ်။ အေးချမ်းပါတယ်ဆိုတာက ကျနော်တို့ အရင့်အရင်ကတည်းက ကျနော်တို့ အတူနေလာတဲ့သူတွေပါ။ ကျနော်တခုပြောမယ် အခုကျနော်က မြို့ပေါ်မှာ နယ်ဘက်က ကိစ္စတွေကတော့ ကျနော်မသိဘူးပေါ့နော်၊ လောလောဆယ် ကျနော်တို့ မြို့ပေါ်မှာတော့ ကျနော်တို့ ညီအကိုအရင်းတွေလို နေနေကြတယ်။ အခုရောက်လာတဲ့ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကလည်း ကျနော်တို့ကို လာကူညီနေတာပါ။ နယ်ပိုင်းက ပြဿနာတွေကတော့ သတ်တာတွေ ဘာတွေကတော့ ကျနော်လောလောဆယ်ဘာမှ မကြားဘူး။ အဲဒါအမှန်ပါ လုံခြုံရေးပိုင်းလည်း ကောင်းပါတယ် တည်ငြိမ်နေပါတယ်အခုက။”

လက်ရှိချိန်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန့်နှံ့ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ဒေသခံတချို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့က ရိုက်နှက် စစ်ဆေးနေတဲ့ ဗွီဒီယိုမှာ ပါဝင်ပတ်သက်တဲ့ ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အမည်တွေနဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသလို သူတို့ကိုလည်းစုံစမ်းစစ်ဆေးနေဆဲပါ။ စစ်ဆေးပြီးမှာလည်း နိုင်ငံတော်အတိုင်ပင်ခံဘက်ကဘဲ သတင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG