သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောကျေးရွာများ ပျက်စီးမှု ဂြိုဟ်တုပုံသစ်များ HRW ထုတ်ပြန်


မောင်တောကျေးရွာများ ပျက်စီးမှု ဂြိုဟ်တုပုံသစ် (Photo- HRW)
မောင်တောကျေးရွာများ ပျက်စီးမှု ဂြိုဟ်တုပုံသစ် (Photo- HRW)

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ အချက်အလက်သစ်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ HRW က ထုတ်ပြန်လိုက်ပါတယ်။ HRW ရဲ့ အချက်အလက်တွေဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတာကြောင့် တိတိကျကျ သိနိုင်အောင် လေ့လာသူတွေ၊ သတင်းမီဒီယာတွေ သွားရောက်ခွင့် ပေးသင့်တယ်လို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မောင်တောမြို့နယ်မှာ နယ်ခြားစောင့် ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစလို့ အခုအချိန်အထိဆိုရင် အိုးအိမ် တထောင်ကျော် ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း HRW က ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး သတင်းထပ်မံထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ HRW က အလားတူ အချက်အလက်တွေ ထုတ်ပြန်ခဲ့စဉ်မှာတော့ မြန်မာအစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲမှုတွေလည်း ရှိခဲ့တာပါ။ ဒီလိုကွဲလွဲချက်တွေ မရှိစေဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေကို ပဋိပက္ခဖြစ်ရာ ဒေသတွေကို လွတ်လွတ်လပ်လပ် သွားရောက် စုံစမ်းခွင့်ပြုသင့်တယ်လို့လည်း HRW အဖွဲ့ရင် အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှုး Phil Robertson ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တပ်မတော်တို့ဟာ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဘာလို့ သူတွေ့တွေ အခုလို လုပ်နေရတာပါလဲ။ သူတို့တွေအနေနဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ၊ဘ သတင်းမီဒီယာသမားတွေ ပြီးတော့ လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO တွေကို ပဋိပက္ခ ဖြစ်ပွားရာနေရာတွေကို သွားရောက်လေ့လာနိုင်ဖို့ လေ့လာစုံစမ်းနိုင်ဖို့ အစိုးရအနေနဲ့ ခွင့်ပြုဖို့ လိုအပ်ပါတယ်။ ပြီးတော့ စစ်တပ်နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက စောင့်ကြည့်နေတာမျိုး မရှိပဲနဲ့ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ကိုလည်း ခွင့်ပြုပေးသင့်ပါတယ်။ တပ်မတော်က ဖုံးကွယ်နေတာမျိုး မဟုတ်ဘဲ တကယ့်ကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီတဲ့ စုံစမ်းဖော်ထုတ်ထာတွေ လုပ်ဖို့ လိုအပ်ပါတယ်။”

မြန်မာသမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ မောင်တောဒေသက ပဋိပက္ခတွေအတွင်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ HRW ရဲ့ ထုတ်ပြန်ချက်တွေကို မှန်-မမှန်သုံးသပ်သွားမယ်လို့ ပြောပါတယ်။

“သူတို့ ဂြိုဟ်တုဓာတ်ပုံသည် အပေါ်ကနေပြီးတော့ သုံးသပ်ရတဲ့အတွက် သူတို့က High resolution ပုံရိပ်ကြည်လင်မှု မြင့်မားတယ်ဆိုသေ်ာလည်း မြေပြင်အခြေအနေနဲ့ ကင်းကွာမှုရှိတာကတော့ သူတို့ လေ့လာထားပြီးသား ဖြင့်သင့်ပါတယ်။ ဒီကွာခြားချက်ကတော့ ကျနော်တို့ပြောတာက ၄၃၀ ကိုပြောတာ၊ အဲဒါကို သူတို့က ၈၃၀ ဆိုတဲ့အပေါ်မှာတော့ ကျနော်တို့က ပြန်ပြီးတော့ စစ်ဆေးမှုလုပ်ပြီးမှပဲ ပြောနိုင်မှာဖြစ်ပါတယ်။”

ပဋိပက္ခ ဖြစ်ပွားရာ မောင်တောဒေသရဲ့ မြေပြင် အခြေအနေကို တိတိကျကျ သိနိုင်ဖို့ အစိုးရအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလိုမျီုး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းလေ့လာခွင့်ပေးဖို့ HRW အဖွဲ့က တိုက်တွန်းနေတာပါ။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမှာဖြစ်ပြီး သတင်းမီဒီယာ တစ်ချို့ကိုလည်း ဒီဒေသကို သွားရောက်နိုင်အောင် မကြာခင်မှာ စီစဉ်ပေးသွားမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ကျနော်တို့နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ၁ ဖွဲ့ ဖွဲ့မယ်လို့ ကျနော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ အဲဒါလည်း မကြာခင်ဖွဲ့ ထုတ်ပြန်ဖွဲ့စည်းသွားမှာဖြစ်တယ်။ ဒီအဖွဲ့ စုံစမ်းစစ်ဆေးမှုမှာလည်း ခုနပြောတဲ့ အိမ်ခြေ ပျက်စီးမှုအခြေအနေပေါ့နော် အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာတွေ့ရှိချက်ကိုမှ ကျနေ်ာတို့ အခြေပြုရပါလိမ့်မယ်။ နောက်တချက်ကတော့ မီဒီယာတွေ သွားခွင့်ပြုမလား ၊ မပြုဘူးလားဆိုတာကတော့ ကျနော်တို့ ပြောထားပြီးသားဖြစ်ပါတယ်။ မီဒီယာတွေ အကုန်လုံးကတော့ ကျနော်တို့ သွားခွင့်ပြုလို့ရမှာတော့မဟုတ်ဘူး ၊ နယ်မြေအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ ၊ လမ်းပန်းဆက်သွယ်ရေးအရ အဲဒါတွေအားလုံးက သွားရောက်မယ့် မီဒီယာသမားတွေ ၊ သတင်းစာသမားတွေလုံခြုံမှုက အစိုးရမှာတာဝန်ရှိပါတယ်။ အဲဒါတွေကို သုံးသပ်ပြီးတော့ မီဒီယာတွေ access ရအောင်တော့ ကျနော်တို့ စီစဉ်နေတာတွေရှိပါတယ်။”

HRW အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မောင်တောဒေသတွင်းက ကျေးရွာ ၅ ရွာမှာ အဆောက်အဦး ၈၂၀ ဖျက်စီးခံခဲ့ရပြီး တကယ့်လက်တွေ့မှာတော့ ဒီ့ထက်ပိုကောင်း ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။ မော်ကွန်း မဂဇင်းရဲ့ အယ်ဒီတာ ဦးဇေယျာလှိုင်ကတော့ အခုလိုမျိုး အချက်အလက် ကွဲပြားမှုတွေ မရှိအောင် သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒီနေရာကို သွားရောက်စုံစမ်းဖော်ထုတ်နိုင်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ လေ့လာတဲ့အဖွဲ့တွေသွားတဲ့အခါမှာ မီဒီယာကိုပါ ထည့်ပေးလိုက်သင့်တာပေါ့နော်။ မီဒီယာဆိုတဲ့နေရာမှာ local တခုတည်းမဟုတ်ပဲနဲ့international မီဒီယာတွေပါအောင်ပေါ့နော် အောက်ခြေမှာ ဘာတွေဖြစ်နေသလဲဆိုတာ တခါတည်းစုံစမ်းပြီးတော့မှ လွတ်လပ်စွာ သတင်းရအောင်လို့ ဖန်တီးပေးသင့်တာပေါ့လေ ၊ အဲဒီအတွက်လုံခြုံရေးနဲ့ သွားရေးလာရေးကိုတော့ အစိုးရက တာဝန်ယူပေးရမှာပေါ့နော်။ ဒါက သူတို့ လုပ်တဲ့လုပ်ငန်းဆောင်တာအတွက်ကို လွတ်လပ်မှုရှိအောင်လို့တော့ အစိုးရက ဝင်စွက်မဖက်ပဲနဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲပြီးလုပ်ပေးတာကောင်းမယ်လို့ ကျနော်မြင်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ အမျိုးသမီးတွေအပေါ် သားမယား ကျင့်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ရှိနေပြီး မူစလင်ဘာသာရေး အဆောက်အအုံတွေအပါအဝင် အဆောက်အဦးများစွာကို ဖျက်စီးမှုတွေရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ကုလသမ္မဂ္ဂ အထူး ကိုယ်စားလှယ်မစ် Yang Hee Lee ကတော့ဒီကိစ္စနဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာရနိုင်အောင် အစိုးရအနေနဲ့ အမြန်ဆုံးူ ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG