သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး လူ့အခွင့်အရေးအဖွဲ့ဝေဖန်ချက် သမ္မတရုံးတုံ့ပြန်


သမ္မတရုံး သတင်းထုတ်ပြန် (Myanmar president office )
သမ္မတရုံး သတင်းထုတ်ပြန် (Myanmar president office )

ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ပြင်ပအစီရင်ခံစာနဲ့ သတင်းတွေမှာ မီးလောင်ပျက်ဆီးမှုဖော်ပြတဲ့အခြေအနေတွေဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကွာခြားတာတွေ ရှိနေကြောင်း အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ လောလောဆည်မှာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်မှုမှာ ပါဝင်သူတွေအားလုံးကို ဖမ်းဆီးဖို့နဲ့ ဆုံးရှုံးသွားတဲ့လက်နက်တွေပြန်လာရရှိတဲ့အထိ နယ်မြေရှင်းလင်းတာတွေကို ဆက်လက်ဆောင်ရွက်ဖို့ ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ထားပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေနဲ့ပတ်သက်ပြီး HRW ခေါ် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ Bangkok Post သတင်းစာပါ ဖော်ပြချက်တွေဟာ ပကတိအခြေအနေတွေနဲ့ ကွဲလွဲတာရှိနေတယ်လို့ ဒီကနေ့ညနေပိုင်းမှာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီလို ကွဲလွဲမှုရှိနေကြောင်းကို သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးက အခုလို ရှင်းလင်းပြောဆိုပါတယ်။

“HRW ရဲ့ report ပေါ့နော် ထုတ်ပြန်ချက် နဲ့ အမှန်တကယ်ပျက်စီးမှုကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ဒီအတိုင်းတွေ့ရတာပေါ့နော်။ ဝါးပိတ်မှာ သူတို့က အိမ်ခြေ ၁၀၀ လို့ပြောပါတယ်။ တကယ့်လက်တွေ့မြေပြင်အခြေအနေက ၁၀၅ လုံးဖြစ်ပါတယ်။ ဒါက ကျနော်တို့ မြေပြင်မှာ ၅ လုံးပိုလောင်တယ်ဆိုတာ တွေ့ရပါတယ်။ ကြက်ရိုးပြင်မှာ ၂၄၅ လုံး လောင်တယ်ပြောပါတယ်။ ကျနော်တို့ လက်တွေ့မြေပြင်မှာ တပ်မတော်ရဟတ်ယာဉ်တွေနဲ့ သွားပြီးတော့ ကွင်းဆင်းတဲ့အခါမှာ ၃၀ လုံးပဲလောင်တာတွေ့ရပါတယ်။ အဲဒီတော့ ဘယ်လောက်ကွာသလဲဆိုတော့ ၂၁၅ လုံးလောက်ကွာနေတာတွေ့ရပါတယ်။ နောက် ပြောင်ပိုက်ကလည်း ၈၅ လုံး ၊ ဒါပေမယ့် မြေပြင်မှာ ၂၀ ဆိုတော့ အားလုံးပေါင်း ၆၅ လုံးကွာပါတယ်။ ဒါးကြီးဇားမှာဆိုရင် သူက အိမ်ခြေက ၃၀၀ လောက်ရှိတယ်လို့ပြောပါတယ်။ ဒါပေမယ့် ပျက်စီးသွားတာက တရွာလုံးပျက်စီးသွားတာ မဟုတ်ပဲ ၃၀ လောက်ပဲ ပျက်စီးသွားပါတယ်။”

Bangkok Post သတင်းစာပါကွဲလွဲချက်တွေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ဒါးကြီးဇားကိုတော့ Bangkok Post သတင်းစာက ဘယ်လိုပြောသလဲဆိုတော့ အိမ်အလုံးရေ ၇၀၀ ပျက်စီးတယ်လို့ပြောပါတယ်။ အိမ်လုံးရေ ပျက်စီးတယ်လို့သူတို့ ပြောထားတဲ့ ဒါးကြီးဇားကျေးရွာရဲ့ မူလ ရှိတဲ့အိမ်ခြေက ဘယ်လောက်ရှိသလဲဆိုတော့ ရှိရင်းစွဲလက်တွေ့မြေပြင်မှာ အိမ်က ၃၃၀ ပဲရှိပါတယ်။ အဲဒီ ၃၃၀ မှာ လက်တွေ့မြေပင်မှာလောင်တာက ၃၀ လုံးပဲဖြစ်ပါတယ် အဲဒီတော့ သူတို့စွပ်စွဲချက်နဲ့ နှိုင်းယှဉ် ကြည့်ရင်ပေါ့နော် မြေပြင်မှာရှိတာတွေနဲ့ ၃၀၀ လောက်ကွာတယ်၊ နောက်သူတို့စွပ်စွဲချက် ၇၀၀ နဲ့ နှိုင်းယှဉ်ရင် ၆၀၀ ကျော်လောက် တကယ့်အခြေအနေမှန်နဲ့ ကင်းကွာနေတာတွေ့ရပါတယ်။”

ဒီကနေ့ထုတ်ပြန်လိုက်တဲ့သတင်းအချက်အလက်တွေက ဒီလ ၁၅ရက်နေ့က ဝေဟင်က ရဟတ်ယာဉ်နဲ့ ဓါတ်ပုံရိုက်ကူးပြီး မြေပြင်က စစ်ဆေးလာတဲ့အချက်တွေကို တင်ပြတာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသလို သတင်းစာရှင်းလင်းပွဲမှာ ရုပ်ပုံတကွတင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မောင်တော ဒေသအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်မှာ အစိုးရရဲ့လုံခြုံရေးတပ်ဖွဲ့တွေအကြမ်းဖက်သူတွေကို ရှင်းလင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းတွေရရှိနေကြောင်းထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရဖက်ကတော့ အခြေအနေကို ဥပဒေနဲ့အညီ သတိထားကိုင်တွယ်နေသလို လူအခွင့်အရေးချိုးဖောက်တာတွေမရှိအောင်လည်း ဆောင်ရွက်နေကြောင်း တုံပြန်ထားပါတယ်။

လက်ရှိ တလကျော်ကြာမြင့်လာတဲ့ မောင်တောဒေသတွင်း နယ်မြေရှင်းလင်းမှုတွေကတော့ အချက် ၂ချက်အပေါ် အဓိက မူတည်နေကြောင်းလည်း ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ဒီမောင်တောဒေသမှာ ဆောင်ရွက်နေတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဓိက ရည်မှန်းချက်က တာဝန်ကြီး ၂ ရပ် ရှိပါတယ်။ နံပတ် ၁ က ဘာလဲဆိုတော့ အခုအကြမ်းဖက်တိုက်ခိုက်မှု ဆောင်ရွက်သွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ရှာဖွေစုံစမ်းဖော်ထုတ်ပြီးတော့ တရားဥပဒေနဲ့အညီအရေးယူဖို့ ဒါရည်မှန်းချက်တာဝန်ဖြစ်ပါတယ်။ နံပတ် ၂ ရည်မှန်းချက်တာဝန်ကတော့ အကြမ်းဖက်တိုက်ခိုက်ပြီးတော့ ပါသွားတဲ့ နယ်ခြားစောင့်တပ် လက်နက်တွေကို ရအောင်ပြန်ယူဖို့ ဖြစ်ပါတယ်။”

လောလောဆည်မှာ အောက်တိုဘာလ ၉ရက်နေ့ အကြမ်းဖက်တိုက်ခိုက်သူတွေသိမ်းယူသွားတဲ့ လက်နက် ၃၉လက်ကျန် ရှိနေကြောင်းလည်း ပြောဆိုပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း လက်ရှိ ရခိုင်ပြည်နယ်အရေးမှာ တပ်မတော်အနေနဲ့ အစိုးရရဲ့ ညွှန်ကြားချက်၊ နိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီဆောင်ရွက်နေကြောင်းလည်း အခုလို ပြောဆိုပါတယ်။

“တပ်မတော် အခန်းကဏ္ဍအနေနဲ့ပေ့ါနော် ကျနော်တို့ နိုင်ငံတော်အစိုးရ ညွန်ကြားချက်နဲ့အညီ ကျနော်တို့ အတက်နိုင်ဆုံး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျနော်တို့ ဆောင်ရွက် လျက်ရှိကြောင်းတင်ပြလိုပါတယ်။”

လောလောဆည်မှာတော့ ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်၊ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပြီး သတင်းမီဒီယာတွေ သွားလာဖို့အတွက် အကန့်အသတ်ရှိနေပါတယ်။ သတင်းထုတ်ပြန်ရေးကော်မတီကတော့ နောက်ပိုင်းမှာ သတင်းမီဒီယာတွေ သတင်းယူနိုင်ဖို့ စီစဉ်ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ဒီရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်း စွပ်စွဲမှုတွေပေါ်ထွက်လာတာကြောင့် လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်ဖို့ အတွက် တောင်းဆိုထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာစစ်ဆေးနေသလို လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရကြောင်း အမေရိကန် အစိုးရက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG