သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေနဲ့ မောင်တော သွားမည်


ရခိုင်ပြည် အကြံပေးကော်မရှင်
ရခိုင်ပြည် အကြံပေးကော်မရှင်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နယ်တွေကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ရခိုင်ပြည်မှာ လတ်တလော မငြိမ်မသက် ဖြစ်နေတဲ့အခြေအနေတွေကိုလည်း လေ့လာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေကို နိုဝင်ဘာလ ၁၅ ကနေ ၁၇ အထိ သုံးရက်ကြာသွားရောက်မယ့် ရခိုင်အကြံပေးကော်မရှင် ခရီးစဉ်နဲ့ပတ်သက်လို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်လဲဖြစ် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဦးဆောင်သူလဲဖြစ်တဲ့ ဦးအေးလွင်က ခုလိုပြောပါတယ်။

“ပထမကျနော်တို့ စီစဉ်ထားတာကတော့ စစ်တွေရှိတယ် နောက်ပြီးရင် မောင်တောကို သွားဖို့ရှိပါတယ်။ အဲဒါကတော့ ပထမ စီစဉ်ထားတာပေါ့နော် ။ နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေကြောင့် ကျနော်တို့ ဒီနေ့မှာအစည်းအဝေးပြန်ပြီးတော့ ထိုင်ပြီးတော့ သွားရေးမသွားရေးဆိုတာကို ပြန် ဆုံးဖြတ်ပါမယ်။ အထွေထွေ ကျနော်တို့ကို ပေးထားသော တာဝန်ကလည်း ကျနော်တို့ Mandate က ရခိုင်ပြည်နယ်တခုလုံးအေးချမ်းသာယာပြီးတော့ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက်ကို အကောင်းဆုံး ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံတွေကို ပေးရမှာပါ။ ဆိုတော့ အဲဒီ Mandate ဘောင်အတွင်း ကနေပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးကို ကျနော်တို့ သွားလေ့လာပြီးတော့ အဲဒီမှာ ရှိနေတဲ့ မြေပြင်အခြေအနေများကို လေ့လာမယ်။ အဲဒီက ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့ သူတို့ပြောတာလေးတွေကို နားထောင်ပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘာတွေက လုပ်သင့်တယ်ဆိုတာကို အကြံလေးတွေပေးဖို့ပါပဲ။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်ကိုဦးဆောင်တဲ့ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် စက်တင်ဘာ အစပိုင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီတခေါက် အကြံပေးကော်မရှင်ရဲ့ ခရီးစဉ်အတွင်း မစ္စတာကိုဖီအာနန် ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ဦးအေးလွင်က သုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ ဒီ ပုန်ကန်ထကြွမှု မှန်သမျှအားလုံးက ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို တနည်းမဟုတ် တနည်းတော့လေ ထိပါးတယ်လို့ရှိပါတယ်။ ကျနော်တို့ ကချင်မှာလည်း ဖြစ်နေတာပဲ။၊ ရှမ်းပြည်မှာလည်းဖြစ်နေတာပဲ၊ နော် အဲဒီတော့ ပြည်တွင်းစစ်ကြီးမှာ ဖြစ်နေတဲ့ ပုန်ကန်ထကြွမှု မှန်သမျှဟာ ကျနော်တို့ အမျိုးသားလုံခြုံရေးအတွက် တနည်းမဟုတ်တနည်း အနှောက်အယှက် ဖြစ်တယ်လို့ ကျနော်အဲလိုပဲ ကျနော်တို့ ခံယူပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်က တည်ငြိမ်ဖို့ လိုပါတယ်၊ တည်ငြိမ်ဖို့ လိုတဲ့အခါကျတော့ ၂ ဘက် အုပ်စုများအတွင်းမှာ ရှိနေတဲ့ သံသယ လေးတွေပျောက်သွားပြီးတော့ တယောက်နဲ့ တယောက် အရင် တုန်းကလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတဲ့ အနေအထားမျိုးပြန်ပေါ်ပေါက်လာဖို့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော သူတို့ မှာ လိုအပ်တဲ့ လိုအပ်ချက် ကလေးတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် လူတွေက အရင်တုန်းက ပုံစံအတိုင်း ပဲပေါ့လေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်မယ် ဆိုရင် ဒါဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့ Next step ကို ဆက်ပြီးတော့ ဆောင်ရွက်လို့ရမှာပေါ့နော်။ နောက်ပြီးတော့ တယောက်နဲ့ တယောက် ကြားမှာ ရှိနေတဲ့ သံသယတွေ ၊ စိုးရိမ်စိတ် ကလေးတွေ ပျောက် သွားအောင် ကျနော်တို့ လုပ်နိုင်မယ်ဆိုရင်တော့ ဒါ အကောင်းဆုံးဖြစ်မယ်လို့ အဲဒါကို ကျနော့် အနေနဲ့တော့ သုံးသပ်ပါတယ်။”

ရခိုင်အကြံပေးကော်မရှင်ကို ကိုဖီအာနန် ဦးဆောင်ပြီး အတွေ့အကြုံများတဲ့ နိုင်ငံခြား သား သံတမန် ၂ဦးနဲ့ မြန်မာနိုင်ငံက လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ စုစုပေါင်း ၉ဦးနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ၂၀၁၇ သြဂုတ်လ မတိုင်ခင် နိုင်ငံတော်ကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တဝိုက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဂွဆုံကျေးရွာကို တပ်မတော် စစ်သည်တွေ ရောက်သွား ချိန်မှာ မီးလောင်နေတဲ့ အိမ် အလုံး ၅၀ ကိုတွေ့ခဲ့ ရကြောင်း၊ ဓါး လက်နက်ကိုင်ဆောင်ထားသူ ၇ ဦး လာရောက်တိုက်ခိုက်တာကြောင့် ပစ်ခတ် ရှင်းလင်းရာမှာ အကြမ်းဖက် သမား ၆ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဒါးကြီးဇား တောင်ရွာမှာလည်း နယ်မြေရှင်းလင်းစဉ် မီးလောင်ကျွမ်း နေတဲ့ အိမ်ခြေ ၆၀ လောက် တွေ့ရပြီး တုတ်ဓါးကိုင်ဆောင်သူ လူ၂၀ လောက်က လာရောက် တိုက် ခိုက်တာကို ပြန်လည် ပစ်ခတ်ချိန်မှာ လူ ၁၉ ဦး အသေဖမ်းဆီး မိကြောင်း ရေးသား ထားပါတယ်။ တခါ မောင်တော ဝါးပိတ်ကျေးရွာကို အကြမ်းဖက်သမားတွေ လာေ ရာက်တိုက်ခိုက် မယ်လို့ သတင်းရတာကြောင့် သွားရောက် ရှင်းလင်းရာမှာ အကြမ်းဖက်သမား ၁၀ ဦးလောက်က ကျေးရွာတွင်း နေအိမ်တွေကို မီးရှို့ပြီး ဇင်ပိုင်ညာရွာဘက် ထွက်ပြေးသွား ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန် ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG