သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ အခြေအနေလေ့လာဖို့ စစ်တွေရောက်ရှိ


စက်တင်ဘာလ ၇ ရက် ၂၀၁၆ ၊ ကိုဖီအာနန်ဦးဆောင်ပြီး ရခိုင်ဒေသခံများနှင့်တွေ့ဆုံစဉ် (မှတ်တမ်းရုပ်ပုံ)
စက်တင်ဘာလ ၇ ရက် ၂၀၁၆ ၊ ကိုဖီအာနန်ဦးဆောင်ပြီး ရခိုင်ဒေသခံများနှင့်တွေ့ဆုံစဉ် (မှတ်တမ်းရုပ်ပုံ)

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ စစ်တွေမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ ကို ဆွေးနွေးခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ ၂၀၁၂ခုနှစ် ပဋိပက္ခဖြစ်ပွားရာမြို့၊ရွာတွေက လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ နဲ့ တွေ့ဆုံပြီး မေးမြန်းမှတ်တမ်းရယူဖို့ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ဆက်တွဲအဖြစ် လုံခြုံရေး အာဏာပိုင်တွေက နယ်မြေရှင်းလင်းရေး လုပ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ ခရီးစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ မွန်းလွဲပိုင်းမှာပဲ စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီးနေ့ခင်း ၂နာရီလောက်မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးတဲ့အချက်တွေကို ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က အခုလို ပြောပါတယ်။

“အဓိကကတော့ ဒီ ပြည်နယ်အစိုးရအဖွဲ့ကတော့ ဒီ ပြည်နယ်အတွင်းမှာ လက်တလောဖြစ်နေတဲ့ အနေအထားလေးတွေကို ပြောပြလိုက်တာပေါ့နော်။ ဒီလူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့မယ်ထင်တယ်။ လူမှုအဖွဲ့အစည်းတွေရော တခြား Community အသီးသီးကလူတွေကိုရော အောက်ခြေလူတွေနဲ့တွေ့ပြီးတော့ သူတို့မေးမြန်းပြီး မှတ်တမ်းလေးတွေယူမှာပေါ့ဗျာ။ စစ်တွေ အရင် ၂၀၁၂ က နောက်ပိုင်းမှာ ဒီပြဿနာ ဖြစ်ခဲ့တဲ့ တချို့မြို့လေးတွေလည်းပါတယ်ခင်ဗျ မနက်ဖြန်သွားမယ့်အထဲမှာ။ မနက်ဖြန်ကတော့ မြေပုံကို သွားမယ်ထင်တယ်။”

၃ ရက်ကြာ ခရီးစဉ်မှာတော့ ကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန် လိုက်ပါလာခြင်း မရှိဘဲ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် နယ်သာလန် သံအမတ်ဟောင်း အမျိုးသမီး မစ္စလတစ်ရှာဗင်ဒင်အာဆမ် Ms Laetitia van den Assum နှင့် အတူ မြန်မာ ကော်မရှင် အဖွဲ့ဝင် ၆ ဦးတို့ ပါဝင်ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်က ကော်မရှင် ဥက္ကဌအနေနဲ့ လက်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုအပေါ် အလွန်စိုးရိမ်ကြောင်း၊ ဒီအကြမ်းဖက်မှုတွေက ရခိုင်ပြည်နယ်ကို မတည်ငြိမ်မှုတွေ တဖန်ပြန်လည်ဖြစ်ပေါ်လာစေရန် လမ်းကြောင်းပေးနေပြီး အိုးအိမ်စွန့်ခွာ ပြေးရှောင်သူများကို အသစ်ထပ်မံ ဖန်တီးလာနိုင်မှာ ဖြစ်ကြောင်းနဲ့ လူထုအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရမည်ဖြစ်သလို လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေဖက်ကလည်း တရားဥပဒေနဲ့ အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ဒီရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေကြောင်း စွပ်စွဲမှုတွေအပေါ်မှာ လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်ဖို့ အတွက် ထပ်မံတောင်းဆိုထားပါတယ်။ မြန်မာအစိုးရအနေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ ထပ်မဖြစ်စေဖို့ ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့အတွက် အခက်အခဲရှိနေမယ်ဆိုရင် ဒေသတွင်း ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့တွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ နဲ့ အာဆီယံက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်စေဖို့ကို တောင်းဆိုထားပါတယ်။

ဒါပေမဲ့လည်း အခုခရီးစဉ်အတွင်း ဒီရက်ပိုင်းမှာပဲ ပဋိပက္ခတွေ တကျော့ပြန် ပြင်းထန်နေတဲ့ မောင်တောဒေသဖက်ကိုတော့ လုံခြုံရေး အခြေအနေအရ သွားရောက်ကြည့်ရှုနိုင်မယ့် အလားအလာ မရှိဘူးလို့လည်း ဦးမင်းအောင်က ပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တောဘက်ကလည်း နည်းနည်းလေး ပြဿနာတွေက ကြီးနေတဲ့ ပုံစံမျိုး ရှိထားတယ်လေ။ အမှန်က သူတို့ ဟိုလကတည်းကလာကြမယ့်အနေအထားမှာ အောက်တိုဘာ ၉ ရက်နေ့က နောက်ပိုင်းဖြစ်သွားတဲ့ နောက်မှာ သူတို့ လာမယ့်အစီအစဉ်ပျက်သွားတယ်ခင်ဗျ။ အခုမှ အေးသွားတယ်ဆိုပြီး လာတဲ့အနေအထားလို့ သိရတာပေါ့နော်။ ဒါပေမယ့် အခုမောင်တောဒေသမှာ အခုနည်းနည်း တပ်ရင်းမှူးတောင်ကျသွားတဲ့ အနေအထားတွေ ကြုံလိုက်ရတယ်ဆိုတော့ သူတို့မသွားတော့ဘူးလို့ အဲလိုဆုံးဖြတ်ထားတယ်ခင်ဗျ။”

ဒီလ ၁၂ရက်နေ့နောက်ပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း မှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေအတွင်းမှာတော့ အစိုးရတပ်မတော်က တပ်ရင်းမှုးတဦးနဲ့ စစ်သည်တဦးကျဆုံးခဲ့သလို အကြမ်းဖက်တိုက်ခိုက်သူ ၃၀ကျော်သေဆုံးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်တာတွေဟာ အောက်တိုဘာလ ၉ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၁လကျော်ကြာမြင့်လာတဲ့ကာလအတွင်းမှာ အစိုးရတပ်မတော်က အရာရှိ၊ စစ်သည် ၇ဦး၊ ရဲတပ်ဖွဲ့က ၁၀ဦးကျဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူ ဘင်္ဂလီ၆၉ဦး၊ ဖမ်းဆီးခဲ့သူ ၂၃၄ဦးရှိကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG