သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ ထွက်ပြေးသူတွေသတင်း နိုင်ငံခြားရေးဌာန အတည်မပြု


ရိုဟင်ဂျာမွတ်ဆလင်တွေကို ရွာအပြင်ဘက်မှာ တွေ့ရစဉ် (အောက်တိုဘာ ၂၇ရက် ၂၀၁၆)
ရိုဟင်ဂျာမွတ်ဆလင်တွေကို ရွာအပြင်ဘက်မှာ တွေ့ရစဉ် (အောက်တိုဘာ ၂၇ရက် ၂၀၁၆)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့အပေါ် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေ ဆောင်ရွက်ချိန်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးနေရကြောင်း နိုင်ငံတကာသတင်းတချို့က ဖော်ပြနေပေမဲ့ မြန်မာအစိုးရကတော့ အတည်မပြုပါဘူး။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်နေတာတွေ ရှိပေမဲ့ ရာနဲ့ချီ ထွက်ပြေးနေတယ်လို့ မြန်မာအစိုးရဘက်ကို အကြောင်းကြားတာမျိုးလည်း မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

အောက်တိုဘာလ ၉ရက်နေ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရက နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြောင်း နိုင်ငံတကာသတင်း ဌာနတချို့က ဖော်ပြနေတာဖြစ်ပါတယ်။

ဒီလို သတင်းတွေထွက်ပေါ်နေပေမဲ့ ဘင်္ဂလားဒေရှ်အစိုးရဖက်ကတော့ ဒီလိုထွက်ပြေးနေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို တစုံတရာအသိပေးအကြောင်းကြားလာတာမရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့ သူတို့ communication ရှိတယ်။ ဒါမျိုးတွေတော့ အကြောင်းကြားလာတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့ အပြန်အလှန်ပြောဆိုဆွေးနွေးတာတော့ရှိတယ်လေ။ ကျနော်တို့ဆီကသံအမတ်ကြီးနဲ့ သူတို့ဆီက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေတော့ရှိပါတယ်။ သူတို့ဆွေးနွေးတဲ့အထဲမှာတော့ အဲဒီလိုပြေးတယ်ဆိုတဲ့ကိစ္စကတော့ မတွေ့မိဘူးခင်ဗျ။ သတင်းတော့ဖော်ပြလိမ့်မယ် ဒါနဲ့ ပတ်သက်ပြီးတော့ ၊ ဒါပေမယ့် ဆွေးနွေးတယ် ကျနော်တို့ကိုတင်ပြတယ်ဆိုတာတော့ မရှိသေးပါဘူး။”

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးကို ဆက်သွယ်ခဲ့ပေမဲ့ မအားလပ်တာကြောင့် ဖြေကြားနိုင်တာ မရှိခဲ့ပါဘူး။

မောင်တောဒေသခံတွေကတော့ ဒီလို ထွက်ပြေးတာမကြားသိကြောင်းနဲ့ လုံခြုံရေးကိုတော့ တင်းကျပ်ထားကြောင်း ပြောပါတယ်။

“ထွက်ပြေးတာတော့ မကြားဘူးခင်ဗျ။ ဒီ နတ်မြစ်ကမ်းတွေမှာတော့ ရေတပ်တွေရှိတယ် ၊ နအဖတွေကတော့ အရင်တုန်းကပုံစံအတိုင်း စစ်ဆေးရေး ဂိတ်တို့ ဘာတို့ ထားပါတယ်။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရိုက်တာသတင်းမှာတော့ အောက်တိုလာလအခင်းဖြစ်ပွားပြီးနောက်မှာ ရိုဟင်ဂျာ ၅၀၀လောက်ဟာ စခန်း၄ခုမှာ ခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သားတွေနဲ့ စခန်းတွင်းက လူတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အမျိုးသမီး ၄၀ယောက်နဲ့ ကလေး၂၅ယောက်အပါအဝင် လူ၈၆ယောက်ဟာ စက်လှေ၂စင်းနဲ့ နတ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ပြန်လည်မောင်းထုတ်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

AFP သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်မှာ ပဋိပက္ခကြောင့်ထွက်ပြေးလာသူ လူ၂၀၀လောက်သောင်တင်နေကြောင်းဖောြ်ပသလို တနင်္လာနေ့က လူ၈၀လောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်နှင်ထုတ်ခဲ့ကြောင်းနဲ့ သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖို့အတွက် စီးပွားရေးအရ ပြောင်းရွှေ့လာသူတွေဖြစ်ပြီး လက်ရှိပဋိပက္ခကြောင့်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့စကားကို ကိုးကားဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံထုတ်သတင်းစာတွေမှာတော့ သူတို့ရဲ့နယ်ခြားစောင့်တပ်တွေကို လုံခြုံရေးတိုးမြှင့်ချထားကြောင်း ဖော်ပြထားကြပါတယ်။

မြန်မာအစိုးရက ဒီရက်ပိုင်းတွေအတွင်း ထုတ်ပြန်တဲ့ HRW ခေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ နဲ့ ပြည်ပမီဒီယာတွေက သတင်းတွေဟာ ပကတိအခြေအနေနဲ့ ကွဲလွဲနေကြောင်းပြောဆိုထားသလို HRW ကလည်း အခြေအနေမှန်တွေကို သိရဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို မောင်တောဒေသကို သွားခွင့်ပြုဖို့ လိုကြောင်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာတပ်မတော်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ အစိုးရတပ်မတော်က အရာရှိ၊ စစ်သည် ၇ဦး၊ ရဲတပ်ဖွဲ့က ၁၀ဦးကျဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူ ဘင်္ဂလီ၆၉ဦးရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG