သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံတွင်း စေလွှတ်ဖို့ EU တောင်းဆို


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။

Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး စည်းဝေးပွဲမှာ EU ကဦးဆောင်ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကြာသပတေးနေ့က တင်ပြခဲ့တာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၃ ရက် ဒါမှမဟုတ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံပြီးဆုံးမယ့် မတ်လ ၂၄ ရက်မှာ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။

တကယ်လို့ မူကြမ်းအတိုင်းအတည်ပြုခဲ့မယ်ဆိုရင် စွပ်စွဲချက်တွေအတိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသလားဆိုတာ စုံစမ်းဖို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့ကို လူ့အခွင့်အရေးကောင်စီက စေလွှတ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Reuters သတင်းဌာနက ရရှိခဲ့တဲ့ မူကြမ်းတုန်းကတော့ နိုင်ငံတကာကစုံစမ်းပေးဖို့ဆိုတဲ့ တောင်းဆိုချက် မပါဝင်ခဲ့ပါဘူး။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေ လုပ်နေတာကို နိုင်ငံတကာပါတဲ့ စုံစမ်းရေးကော်မရှင်တခုဖွဲ့ပြီး စုံစမ်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Ms. Yanghee Lee တို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက် နှစ်ပတ်လည်စည်းဝေးပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာအစိုးရဘက်ကတော့ စွပ်စွဲချက်တွေကို အလေးအနက်ထားစုံစမ်းဖြေရှင်းနေပြီး နိုင်ငံတကာစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ဆိုတာကို လက်မခံနိုင်ဘူးလို့ မြန်မာကိုယ်စားလှယ်ဘက်က လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၃ ရက်နေ့ကပဲ ပြောသွားခဲ့ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာထဲမှာ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ လွတ်လပ် ဘက်မလိုက်တဲ့ စုံစစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေပေးဖို့ အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG