သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး အခွင့်အလမ်းကောင်းချိန်ဟု ကန်သံအမတ်ကြီး သုံးသပ်


အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့် တွေ့ဆုံမေးမြန်း။ (ဇူလိုင် ၂၈၊ ၂၀၁၆)
အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့် တွေ့ဆုံမေးမြန်း။ (ဇူလိုင် ၂၈၊ ၂၀၁၆)

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ချင်ပေမယ့်၊ အခုအချိန်မှာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကောင်းကြီးဖြစ်တယ်ဆိုတာကိုတော့ ပြောဆို အသိပေးလိုတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်သံအမတ်ကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ ဒီကနေ့ တွေ့ဆုံမေးမြန်းရာမှာ တိုင်းရင်းသားတွေရဲ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုင်ရာ အခြေအနေအပေါ် သံအမတ်ကြီးရဲ့ အမြင်ပြောဆိုထားတာကို နားဆင်နိုင်ပါတယ်။

ကိုသားညွန့်ဦး။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံကူညီပါတယ်လို့ အမြဲပြောလေ့ရှိပါတယ်။ အခု လုပ်နေတဲ့ ဒီလုပ်ငန်းစဉ်တွေကို ဘယ်လိုများ အကူအညီပေးနေပါသလဲ။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ အစိုးရကိုရော တိုင်းရင်းသား အဖွဲ့အစည်းတွေကိုပါ ကျနော်တို့ဘက်က တသားမတ်တည်းပြောခဲ့ပါတယ်။ ဒါဟာ ခင်ဗျားတို့ကိုယ်တိုင် လုပ်ရမယ့် မြန်မာလူထုကိုယ်တိုင် ဦးဆောင်လုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ဘက်က မစွတ်ဖက်လိုပါဘူး။ ကျနော်တို့ ကူညီနိုင်တဲ့အစိတ်အပိုင်းကတော့ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီပေး တာတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှုတွေဖြစ်ဖို့ တိုက်တွန်းမှုတွေ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားအဖွဲ့တွေလို့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တွေ့ဆုံစကားပြောဖြစ်ပါတယ်။ ဒါဟာ တခုခုအတွက် တွန်းအားပေးတာမျိုးတော့ မဟုတ်ပါဘူး။ အဓိက ကျနော်တို့ ပြောလိုတဲ့ စကားက ဒီအခြေအနေ ဟာ ငြိမ်းချမ်းရေးအတွက် တကယ့် အခွင့်အလမ်းကောင်းကြီး ဆိုတာပါ။ ဒီတိုင်းပြည်အတွက် ငြိမ်းချမ်းရေးလိုတယ်ဆိုတာ လူတိုင်းသဘောတူမှာပါ။ အခုအချိန်ဟာ တကယ့်ကို ကြီးမားတဲ့ အခွင့်အလမ်းကြီးပါ။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းကို တက်လာပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းလုပ်ဆောင်ကြဖို့ ကျနော်တို့ဖက် အားပေးတိုက်တွန်းပါတယ်။

ကိုသားညွန့်ဦး။ ။ အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကချင်ပြည်နယ်မိုင်ဂျာယန်မှာ စုဝေး ညီလာခံလုပ်နေပါတယ်။ အဲဒီ ညီလာခံမှာ ကုလသမဂ္ဂနဲ့ တရုတ်က ကိုယ်စားလှယ်တွေလည်း လေ့လာသူအဖြစ် တတ်ရောက်နေပါတယ်။ အမေရိကန်နဲ့ EU က ဘာလို ဒီညီလာခံမှာ မပါတာပါလဲ။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ ကျနော်တို့ကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဒီလို ဖိတ်ကြားဖို့ဆိုတာ အစိုးရလိုမျိုး၊ အခုကိစ္စမျာတော့ တိုင်းရင်းသားတွေ အပေါ် မူတည်ပါတယ်။ အခုလို စုဝေးဆွေးနွေးကြဖို့ဆိုတာမျိုး ကျနော်တို့ဘက် တွန်းအားပေးမှာမဟုတ်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုလုံး အောင်မြင်တာကို လိုလားပါတယ်။ သူတို့ဘက်က ကျနေ်ာတို့ရှိလို့ အဆင်ပြေမယ် အကူအညီဖြစ်မယ်လို့ ထင်လို့ ဖိတ်ရင်လည်း သွားဖို့ရှိပါတယ်။ မလိုအပ်ဘူးထင်လို့ မဖိတ်ရင်လည်း မသွားပါဘူး။ အဲတော့ ကျနော်ပြောခဲ့သလိုပဲ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တခုလုံး အောင်မြင်ဖို့ အတွက်ကိုပဲ ကျနော်တို့ အလေးထားပါတယ်။

ကိုသားညွန့်ဦး။ ။ အစိုးရဘက်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ပြောနေပါတယ်။ တိုင်းရင်းသားတွေဘက်က ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုတွေအပေါ်မှာရော သံအမတ်ကြီး ဘယ်လို ထင်ပါသလဲ။

အမေရိကန်သံအမတ်ကြီး Scot Marciel။ ။ သူတို့နဲ့ပတ်သက်လို့တော့ မပြောလိုပါဘူး။ ကျနေ်ာနဲ့ စကားပြောဖြစ်တဲ့သူတွေဆီကတော့ သူတို့လည်းပဲ ငြိမ်းချမ်းရေး လိုလားတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒီတိုင်းပြည်ဟာ နှစ်အတန်ကြား အတော်လေး ခံစားခဲ့ရပါပြီ။ဒါကြောင့်လည်း ငြိမ်းချမ်းရေးလိုလားမှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးဆောင်ကျဉ်းမှုတွေ နိုင်ငံရေး အရ တွေ့ဆုံညှိနှိုင်းမှုတွေ ပြင်ဆင်လုပ်ဆောင်မှုတွေ ဒါတွေ့ ရှေ့ဆက် အသေးစိတ်ကိစ္စပါ။ ဒါတွေဟာ အချိန်တော့ ယူရမှာပါ။ ငြိမ်းချမ်းရေးအတွက် လိုလားတောင်းဆိုမှုတွေ ပြင်းပြင်းထန်ထန်ရှိတာ အတော်လေး တွေ့ရပါတယ်။

အမေရိကန်သံအမတ်ကြီးနဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ ဒီကနေ့ တွေ့ဆုံမေးမြန်းခန်းဖြစ်ပါတယ်။

ကန်သံအမတ်ကြီးနှင့် ဗွီအိုအေမြန်မာပိုင်း
ကန်သံအမတ်ကြီးနှင့် ဗွီအိုအေမြန်မာပိုင်း

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG