သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သရက်ချောင်းအနီးက ပဲဒက် စစ်ကောင်စီစခန်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေသိမ်းပိုက်


ပဲဒက်စစ်ကောင်စီတပ်စခန်းကို မေလ (၈)ရက်မနက်က ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း KNLA နဲ့PDF ပူးပေါင်းတပ်တွေထုတ်ပြန်ခဲ့
ပဲဒက်စစ်ကောင်စီတပ်စခန်းကို မေလ (၈)ရက်မနက်က ဝင်ရောက် သိမ်းပိုက်ခဲ့ကြောင်း KNLA နဲ့PDF ပူးပေါင်းတပ်တွေထုတ်ပြန်ခဲ့

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ပဲဒက် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်မဟာ (၆) နဲ့ PDF တပ်ဖွဲ့တွေပါတဲ့ ပူးပေါင်း စစ်ကြောင်းက ဒီလ ၈ ရက်၊ မနေ့မှာ အပြီး သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်း ခေါင်းဆောင်တဦးက ပြောပါတယ်။ စစ်ကောင်စီ တပ်သား ၂၀ ကျော် လက်နက်ချခဲ့တာရှိသလို ထွက်ပြေးသူ၊ သေဆုံးသူတွေ ရှိတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေရှိနေတဲ့ ထားဝယ်ခရိုင်ဘက်က နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ဒေသအခေါ်ကစယ် ဒိုမြို့နယ်(သရက်ချောင်း)ထဲက ပဲဒက်စစ်ကောင်စီတပ်စခန်းကိုမေလ (၈)ရက်မနက်က KNLA နဲ့PDF ပူးပေါင်းတပ်တွေ ဝင်ရောက် သိမ်းပိုက်ခဲ့ရာမှာစစ်ကောင်စီဘက်က လေကြောင်းကရော ရေကြောင်းကပါ ပစ်ကူပေးခဲ့ပြီး လေကြောင်းကနေဗုံးအလုံး ၁၀၀ကျော် ကို ၃ ရက်အတွင်းကြဲချခဲ့တယ်လို့ဆိုပါတယ် ။

ဒီတိုက်ပွဲကို ဦးဆောင်ပါဝင်ခဲ့တဲ့ ဖယ်ဒရယ်စစ်ကြောင်းက ဒုစစ်ကြောင်းမှူး ကိုမင်းထက်ကအခုလိုပြောပါတယ်။

"ကျနော်တို့မေလ ၅ မနက် စောစော မနက် ၆နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပဲဒက်စခန်းကိုသိမ်းဖို့စီစဉ်ဖြစ်တယ်၊ မေလ ၈ရက်နေ့မှာတော့ အဲဒီစခန်းကိုအပြီးသိမ်းလိုက်နိုင်တယ် အရှင်ဖမ်းမိတာကတော့ ၂၀ကျော်ဖမ်းမိတယ် ၊ စစ်ကောင်စီဘက်ကတော့လေယာဉ်တွေ ဟယ်လီကော်ပရာတွေနဲ့ ဗုံးသီးအလုံး ၁၀၀ကျော်ကျဲချတယ် နောက် တခုက ရေတပ်သင်္ဘောကလည်း ပင်လယ်ပြင်ကနေ ပစ်ကူပေးပါတယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေဆုံးပြီးအရှင် ၂၂ဦးဖမ်းမိကာ ၄ဦးကတော့ထွက်ပြေးသွားတယ်လို့ ပူးပေါင်းတပ်တွေဘက်ကပြောပါတယ်။ဒီစခန်းဟာ ပြည်ထောင်စုလမ်းမပေါ်မှာရှိနေတဲ့စခန်းတခုဖြစ်ပြီး အင်အား ၄၀လောက်သာရှိတဲ့စခန်းလို့ဆိုပါတယ် ။

"အဲဒီ စခန်းက ထားဝယ်ခရိုင် က သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ပဲဒက်ရွာမှာရှိတဲ့စစ်ကောင်စီစခန်းတခုပါ၊ထားဝယ်ခရိုင်ထဲက ရန်ကုန်မော်လမြိုင် ထားဝယ် မြိတ် ပြည်ထောင်စုလမ်းမကြီး အမှတ်(၈)မှာရှိတဲ့စခန်းတခုပါ"

စစ်ကောင်စီဘက်ကတော့အခုလို ပဲဒက်တပ်စခန်းလက်လွှတ်လိုက်၇တာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊ အခုပူးပေါင်းတိုက်ခဲ့တဲ့ သူတွေကတော့ကေအန်ယူတပ်မဟာ(၄)ကောတပ်မဟာ (၆)ကောပူးပေါင်းပါဝင်ခဲ့ပြီး အများစုကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။

"ကေအန်ယူဘက်ကတော့ တပ်မဟာ(၆)က တပ်ရင်း ၂၇ပါတယ်၊ တပ်မဟာ ၄ က ကေအန်ယူ တပ်ရင်း ၁၂ပါတယ်၊ တခြားက PDF ပူးပေါင်းတပ်တွေထဲကဆိုရင် ၊ ထားခရိုင် အမှတ်၁ အမှတ် ၂ တပ်ရင်းပါတယ်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းပါတယ်၊ ဒေါင်းညီနောင်စစ်ကြောင်း ဖယ်ဒရယ်စစ်ကြောင်းတွေလည်းပါတယ် အကုန်လုံး KNLA/PDF ပူးပေါင်းတပ်တွေပါပါတယ်"

ကေအန်ယူတပ်မဟာ(၅) နယ်မြေမှာပဲ ဒီလပိုင်းအတွင်း စစ်ကောင်စီရဲ့စခန်း ၅ခု လက်လွှတ်ဆုံးရှုံးခဲ့ရသလို တပ်မဟာ ၆ နယ်မြေမှာလည်း ဗျူဟာကျတဲ့စခန်းတွေကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG