သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်လူတစု တိုက်ခိုက်မှုကြောင့် မလေးရှားမှာ မြန်မာ ၅ ဦး သေဆုံး


မလေးရှားနိုင်ငံ ကွာလာလမ်ပူက ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူက ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးမှာ အမည်မသိ လက်နက်ကိုင်တချို့ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအလုပ်သမား ၅ ယောက် သေဆုံးခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ ဆာဒန်းမြို့နယ်မှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံ သားတွေကို လက်နက်ကိုင်လူတစုက ဓားတွေနဲ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ လူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီလို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

မလေးရှားနိုင်ငံကွာလာလမ်ပူမြို နဲ့ ကီလိုမိတာ ၃၀လောက်ကွာဝေးတဲ့ ဆားဒန်း ဆိုတဲ့နေရာ တခုက လျှပ်စစ်ပစ္စည်း စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တချို့ဟာ ကြာသပတေးနေ့ညက အလုပ်က အပြန်မှာ လက်နက်ကိုင် လူတစုရဲ့ တိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်တဲ့အကြောင်း၊ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဓားတွေကိုင်ဆောင်လာသူ အမည်မသိ လူအုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ သား ၄ ဦး ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ လည်း မလေးရှား အခြေစိုက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်း က ပြောပြပါတယ်။

"မနေ့ကည ဆယ်နာရီလောက်မှာ ကလေးတွေက အလုပ်မှာ အိုဗာတိုင် ဆင်းပြီး ပြန်တယ်ပေါ့လေ နောက် ကွာလာလမ်ပူကနေ ကီလိုမီတာ (၃၀)လောက်ရှိတဲ့ ဆာဒန်းမြို့မှာ အလုပ်လုပ်ကြတယ်။ သူတို့က မီတာဘောက်စ် လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ကြတာပေါ့လေ အဲ့မှာ မီတာဘောက်စ်ဆိုတော့ မီတာဘောစ်လုပ်တဲ့ စက်ရုံကနေ ပြန်ကြတယ်။ သူတို့က နေ့တိုင်း ဒီလမ်းကပဲပြန်ကြတယ်။ ပြန်တော့ သူတို့သူငယ်ချင်း (၁၃) ယောက် အဲ့လမ်းကနေ ပြန်တယ်ပေါ့လေ။ ပြန်တဲ့အချိန်မှာပဲ အိမ်နဲ့ စက်ရုံကြားထဲမှာပေါ့လေ လူတစုရဲ့တိုက်ခိုက်မှု ခံခဲ့ရတယ်။ အဲ့လိုတိုက်ခိုက်တာလည်း သူတို့က တိုက်ခိုက်မယ်မှန်းမသိဘူး။ ရှေ့ဘက် နောက်ဘက်ကို ပိတ်ပြီး တိုက်ခိုက်တာ ခံရတဲ့အခါကျတော့ လေးယောက် ပွဲချင်းပြီး သေခဲ့တယ်။ သုံးယောက်က အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ ကျန်ခဲ့တဲ့သူတွေက ရှောင်ပြီး ထွက်ပြေး သွားကြတာ ဘယ်ရောက်လို့ရောက်ကုန်မှန်းတောင် စုံစမ်းလို့မရသေးဘူး။"

တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး တခြား မြန်မာနိုင်ငံသား ၇ ဦးကို ခေါ်ယူ စစ်ဆေးနေတယ် လို့လည်း Serdang ခရိုင် ယာယီရဲမှူး လီဝေလောင်း Lee Wai Leong ကို ကိုးကားပြီး မလေးရှားမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ နောက်တဦးကတော့ ဆေးရုံမှာထပ်မံ သေဆုံးခဲ့ကြောင်းလည်း မလေးရှားရောက် မြန်မာနိုင်ငံသား တယောက်ကပြောပါတယ်။

"မနေ့က အတည်ပြုတာကတော့ လေးယောက်ပါ အမ။ လောလောဆယ် ဆေးရုံမှာ သေသွားတဲ့တယောက်ကို အတည်ပြုလို့ မရသေးဘူးဆိုတာက ကျနော်တို့ မြန်မာသံရုံးကလည်း သွားစစ်တယ်လေ အမရယ်။ သွားစစ်တဲ့အခါကျတော့ ကြေညာချက်ထုတ်မယ်လို့တော့ ပြောတယ်။"

အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မှာပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖြစ်ပွားနေတဲ့ အကြမ်းဖက်မူဖြစ်စဉ်တွေ အပြီး ရိုဟင်ဂျာမူဆလင်တွေအပေါ်မှာ ဖိနှိပ်မူတွေ လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေတယ်ဆိုပြိး ပြီးခဲ့တဲ့လမှာပဲ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်က ကန်ကွက်ဆန္ဒပြမူတွေ လုပ်ခဲ့ရာက မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်မူတွေ ထွက်ပေါ်ခဲ့ကြသလို မြန်မာသံရုံးကလည်း သတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားအခြေစိုက် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်း ကတော့ မြန်မာပြည်တွင်းမှာ မတည်ငြိမ်မူတွေဖြစ်တဲ့အချိန်မျိုးမှာ အလားတူ ဖြစ်ရပ်တွေ ကြုံရလေ့ရှိတတ်တယ်လို့ ဆိုပါတယ်။

" ၂၀၁၃ လောက်တုန်းကဆိုရင် မိတ္ထီလာအရေးအခင်းကြောင့် ကွာလာလမ်ပူ ဘက်မှာ လူမျိုးရေး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်။ အခုကိစ္စတွေထဲမှာ လူမျိုးရေးကိစ္စတွေနဲ့ နည်းနည်းပါးပါး ဆက်နွယ်မယ်လို့ ထင်ပါတယ်ပေါ့လေ။"

မလေးရှားနိုင်ငံမှာတရားဝင်ရော၊ တရားမဝင်ပါနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ တွေ ၅သိန်းထက်မနည်း ရှိနေတာပါ။ လစဉ်လည်း မလေးရှားမှာ အလုပ်လုပ်ကိုင်လိုသူတွေ လူ၄ထောင်ထက် မနည်းကို မြန်မာအစိုးရ ကစေလွှတ်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကန့်ကွက်မူတွေဖြစ်လာပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာတော့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်မှုတွေရှိတဲ့အတွက် ဆိုကာအလုပ်သမားတွေ စေလွှတ်မယ့်အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG