သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ IS ခြိမ်းခြောက်မှု ရှိနေပြီလား


အာရှတလွား IS တို့ လှုပ်ရှားသည့်နေရာများ
အာရှတလွား IS တို့ လှုပ်ရှားသည့်နေရာများ

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်လာမှုကို တိုးပြီး ရင်ဆိုင်လာနိုင်ဖွယ်ရှိတယ်လို့ မလေးရှား အကြမ်းဖက် တန်ပြန်နှိမ်နင်းရေး အဖွဲ့က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေအပေါ် ဖိနှိပ်မှုတွေရှိနေတယ်ဆိုပြီး အရှေ့တောင်အာရှဒေသတွင်းမှာ IS အစွန်းရောက်တွေဟာ လူသူစုဆောင်းပြီး တိုက်ခိုက်ဖို့ လုပ်ဆောင်နေတာပါ။ ဒီအကြောင်း ရိုက်တာ သတင်းကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးမှာပါ။

အင်ဒိုနီးရှားနိုင်ငံသား အကြမ်းဖက်သမားတဦးကို လွန်ခဲ့တဲ့လက မလေးရှားနိုင်ငံမှာ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ ဇန်ဝါရီလ ၄ ရက်နေ့မှာတော့ ထောင်ဒဏ် အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ ဒဏ်ငွေအပြင် ထောင်ဒဏ် ၇ နှစ်ထိ ကျခံရနိုင်တယ်လို့ မလေးရှား အာဏာပိုင်တွေကပြောပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက သူဟာ မလေးရှားနိုင်ငံမှာ စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်နေတာပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထောက်ခံတဲ့အနေနဲ့ သူ့လိုဘဲ တခြားသူ အများအပြားလည်း ရှိနေနိုင်သေးကြောင်း မလေးရှား အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး အရာရှိ Ayob Khan က ပြောပါတယ်။

“စုံစမ်းစစ်ဆေးရာကနေ သိရသလောက် ဆီးရီးယားနိုင်ငံက Muhammad Wanndy Muhammad Jedi နဲ့ အဆက်အသွယ်ရှိကြောင်း အဲဒီအင်ဒိုနီးရှားနိုင်ငံသားက ဝန်ခံပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ဖိနှိပ်နေတဲ့ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်သွားြ့ပီး ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ စီစဉ်ထားတယ် လို့လည်း ပြောပါ တယ်။”

၂၀၁၆ ဇွန်လအတွင်း လက်ပစ်ဗုံးတိုက်ခိုက်ခဲ့မှုတခုနဲ့ ပါတ်သတ်လို့ ဒီတိုက်ခိုက်မှုဟာ IS အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ Muhammad Jedi က ပြောကြားခဲ့ဖူး ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံက မွတ်ဆလင် အတော်များများဟာ အရှေ့အလယ်ပိုင်းကို သွားပြီး IS အကြမ်းဖက် အဖွဲ့ထဲကို ဝင်ရောက်ခဲ့ကြတယ်လို့ ဒေသဆိုင်ရာ အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာလည်း အဲဒီနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုတွေရှိသလို အချိန်မီ တားဆီးနှိမ်နင်းနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ Ayob Khan က

“IS အစွန်းရောက်အဖွဲ့ ဒါမှမဟုတ် တခြားအဖွဲ့တွေဟာ သူတို့ရဲ့ မူစလင် ညီအကိုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို ကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်တဲ့ အလားအလာ တော်တေ်ာများများ တွေ့နေရပါတယ်။”

အစွန်းရောက်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ မလေးရှားအခြေစိုက်အဖွဲ့ ပြောခွင့်ရ Badrul Hisham Ismail က မလေးရှားနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေကို စည်းရုံးသိမ်းသွင်းနေတဲ့ မလေးရှား စစ်သွေးကြွကွန်ယက်တခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဝင်သစ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း အလယ်ပိုင်းက Poso ဆိပ်ကမ်းမြို့စီ သင်တန်း တက်ဖို့ စေလွှတ်ထားတယ် လို့ Ismail က ပြောပါတယ်။

“မလေးရှား IS လူစုဆောင်းတဲ့ကွန်ယက်ကို ကျနော်တို့တွေ့ထားပါတယ်။ သူတို့စည်းရုံးသိမ်းသွင်းထားသူတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ မြန်မာနိုင်ငံပြန်ပို့ သလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့်လည်း မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ရိုဟင်ဂျာတွေကြား ချိတ်ဆက်ထားတဲ့ ကွန်ယက်တခု ရှိနေတယ်ဆိုတာကတော့ သေချာပါတယ်။”

နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က လွန်ခဲ့တဲ့လအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်တွင်း က မြန်မာ ရဲတပ်ဖွဲ့ကို ဆော်ဒီအာရေးဗျ အခြေစိုက်တဲ့ Harakah al-Yaqin အဖွဲ့ ကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အောက်တိုဘာလအတွင်းက တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီးနောက် နယ်မြေ ရှင်းလင်းမှုတွေ ဆောင်ရွက်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် ၃ သောင်းခွဲလောက် ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG