သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်တုန်း ရေဘေး အရေးပေါ်အကူညီ လိုအပ်


ညောင်တုန်း စာသင်ကျောင်း ရေကြီး။ (သတင်းဓာတ်ပုံ- MOI)
ညောင်တုန်း စာသင်ကျောင်း ရေကြီး။ (သတင်းဓာတ်ပုံ- MOI)

ဧရာဝတီတိုင်း မြို့တချို့မှာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး ရေကြီးနေ တာကြောင့် ညောင်တုန်းမြို့မှာဆိုရင် ဒီရက်ပိုင်းအတွင်း စာသင်ကျောင်း တွေ အားလုံး ပိတ်ထားလိုက်ရသလို၊ လယ်မြေတွေ ရေမြုပ်တာလည်းရှိနေပါတယ်။ တပ်မတော်ဘက်က ရေဘေးတားဆီးရေး လုပ်ဆောင်ပေး တာ ရှိပေမယ့်၊ ဒေသခံတွေ ကတော့ အရေးပေါ်အစားအသောက်နဲ့ ခိုလှုံဖို့နေရာ လိုအပ်ဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရေဘေးအန္တရာယ် အဝါရောင်အဆင့် သတိပေးထားတဲ့ ဧရာဝတီတိုင်းမှာတော့ ဒီရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေက ပိုတိုးပြီးတက်လာနိုင် တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန လူမှုမီဒီယာတွေမှာ သတင်းထုတ်ပြန်ထားတာပါ။ ဟင်္သာတ၊ ဇလွန်နဲ့ အင်္ဂပူမြို့နယ်ဖက်မှာ စိုးရိမ်ရေမှတ် ထက်ကျော်လွန်ပြီး နောက်လာမယ့် ရက်တွေမှာ နောက်ထပ် လက်မဝက်ကျော် ရေထပ်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်း မြို့မှာတော့ သောကြာ ညနေပိုင်းတိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ သတ်မှတ်ထားတဲ့အန္တရာယ်ရေမှတ်၂၄ ပေခွဲရဲ့အထက် ၂၆ ပေ အထိ တက်ခဲ့တာကြောင့် အထူးသဖြင့် မြေနိမ့်ပိုင်းအရပ်မှာ လယ်မြေတွေရော၊ တဲအိမ်တွေပါ ရေမြုပ်နေပြီး ဒီရက်ပိုင်းထဲ ညောင်တုန်းတဝိုက်က စာသင်ကျောင်း အားလုံး ပိတ်ထားလိုက်ရတယ်လို့ ညောင်တုန်းမြို့မိမြို့ဖဖြစ်တဲ့ ဦးဘုန်းမြင့် ကပြောပါတယ်။

" ညောင်တုန်းတဝိုက်မှာတော့ ရေက မနှစ်က ရေထက်ကို နည်းနည်း ပိုကြီးတာပေါ့။ နောက် စာသင်ကျောင်းတွေကတော့ ပိတ်ထားရတယ်။ အိြမ်မုပ်တယ်ဆိုတာ တချို့အိမ်တွေကတော့ တဲအိမ်တွေကတော့ မြုပ်တာပေါ့။ မနှစ်ကထက်စာရင် ရွာတွေက ပိုဆိုးတာပေါ့။ အနိမ့်တွေကတော့ မြုပ်တာပေါ့ ဒီသဘောကတော့ရှိတယ်။ အခုရက်ပိုင်းကတော့ အိမ်သိပ်နိမ့်ရင် သူတို့ ဆင့်တွေ ဘာတွေ ထိုးနေရတယ်။ သူတို့လည်း ထိုးရင်းနဲ့ တက်လာတဲ့သဘောရှိတယ်။ အဲ့တော့ ဘုန်းကြီးကျောင်းတို့လို မြင့်တဲ့နေရာတွေမှာ သွားနေကြရတယ်။ "

ညောင်တုန်းမြို့နဲ့တဝိုက်မှာ ကျေးရွာအုပ်စုပေါင်း(၅၄)စုရှိပြီး၊ လယ်မြေဧက ၆၇၀၀ ကျော်ရေမြုပ်နေသလို၊ စာသင်ကျောင်းပေါင်း (၉၃)ကျောင်း ပိတ်ထားရပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွေ မှာဖေါ်ပြ ပါတယ်။ ရေကြီးတဲ့ဒဏ်ခံနေရတဲ့ ရွာအများစုမှာ စားရေးသောက်ရေး နေရေးပါ အခက်ကြုံနေရတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

"သား ငါး ဘာညာရှာတဲ့သူတွေ မရဘူး။ နေစရာမရှိတော့ စားဝတ်နေရေးက အစ နည်းနည်း ခက်ခဲသွားတယ်။ အိပ်ဖို့ နေရာက အစ မရှိဘူး သဘောမျိုး ဖြစ်နေတယ်။ သူတို့မှာ ချက်ဖို့ ပြုတ်ဖို့ ထင်းတွေ ဘာတွေပါ ရေမြုပ်သွားတယ်။ တော်တော်ကို အခက်အခဲဖြစ်နေတယ်။"

၂၀၁၅ ခု မနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီး ပုဂ္ဂလိကစေတနာရှင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အရေး ပေါ် အကူညီတွေကို တတ်နိုင်သမျှထောက်ပံ့ခဲ့တာပါ။ ဒီနှစ်မှာတော့ တပ်မတော်က ရေဘေးတားဆီးရေး လာရောက်လုပ်ဆောင်တာရှိပေမယ့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မလာရောက်သေး တာကြောင့် အကူညီတွေ လိုအပ်နေတယ်လို့ ဦးဘုန်းမြင့်ကပြောပါတယ်။

" အခုက ရန်ကုန်တိုင်း တပ်က စစ်တပ်က အကူအညီပေးတယ်။ တာတွေ ဘာတွေကို ထပ်ဆင့်ဖို့ သဲအိတ်တို့ ဘာတို့ ချဖို့၊ လုပ်အားပေးအကူအညီတွေပေါ့နော် ကျန်တဲ့ NGO တွေက မနှစ်ကတုန်းကတော့ တော်တော်များတယ်။ ဒီနှစ်ကတော့ မလာဘူး။ မလာတာက အထက်မှာ ဖြစ်နေတော့ အဲ့ဒီ့ဘက်ကို သွားနေကြတယ်ထင်တယ်။ ဒို့ဒီဘက်ကို အလာတော်တော် နည်းတယ်။ ရေဘေးဒုက္ခသည်တွေ အတွက် လိုတာကတော့ အစားအသောက်ပေါ့။ ဝယ်လို့ခြမ်းလို့လည်း အဆင်မပြေ။"

လောလောဆယ် ရေဘေးအခြေနေဟာ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ အဆိုးဆုံးဖြစ်နေပြီး ရေဘေးဒုက္ခသည်တွေအတွက် အစိုးရက ရွက်ဖျင် တဲတွေကူညီပေးနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ်အဖွဲ့ တာဝန်ကျဝန်ထမ်းတဦး ကပြောပါတယ်။

" အခုလောလောဆယ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ အခုဘက်ဂျက်အရတော့ အကုန်လုံးက ပေးနေတာပေါ့။ ရွက်ဖျင်တဲတွေ ဘာတွေ အကုန်ထုတ်ပေးနေတာပဲ။"

လာမယ့် ၂ရက်အတွင်း ဧရာဝတီမြစ်ရေ ဆက်မြင့်လာဖွယ်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ဆက်ရှိနိုင် တာကြောင့် ညောင်တုန်းမြို့ခံတွေစိုးရိမ် နေရကြောင်း မြို့ခံအမျိုးသမီးက ပြောပါတယ်။

" အခုက အထက်မှာတက်တုန်း။ ရေကျရင် ဒို့လိုနေရာတွေက တော်တော်ထိမယ် ထင်တယ်။ ဘာဖြစ်လို့ဆိုတော့ အထက်က ရေက ကျလာမယ်ကွာ။ ဟင်္သာတတို့ ဇလွန်တို့ က အဲ့ကျတော့ ရေက တော်တော်တက်ပြီ။ အဲ့တောပင်လယ်ရေကလည်း တက်ပြီး ဒီရေကလည်း ထောက်နေပြီ။ အဲ့အချိန်ကျရင်တော့ တော်တော်ဆိုးမယ်။ အဲ့ဒီ့အခြေအနေကို စိုးရိမ်ရတာပေါ့။"

ဒီနှစ်ထဲဖြစ်နေတဲ့ မြစ်ရေလွှမ်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးရှောင်ဒုက္ခသည် အနည်းဆုံး ၅သောင်းခွဲကျော်ရှိနေပါတယ်။ မိုးဇလဌာန ထုတ်ပြချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေပြီး လာမယ့်၂ရက်အတွင်း စစ်ကိုင်းတိုင်း၊ကချင် နဲ့ ရှမ်းပြည်နယ်တွေမှာ မိုးပိုများလာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG