သုံးရလွယ်ကူစေသည့် Link များ


ကမ္ဘာနဲ့ မြန်မာနိုင်ငံမှာပါ စိတ်ဓာတ်ကျရောဂါ အဖြစ်များလာပြီး၊ အနာဂတ်မှာ ဒီထက်ပိုများလာမယ့် အန္တရာယ်ရှိနေတယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

စိတ်ကျရောဂါဖြစ်ရခြင်း အကြောင်းရင်း အမျိုးမျိုးရှိရာမှာ မျိုးရိုးလိုက်တာ၊ ဇီဝကမ္မအခြေခံ အားနည်းတာဖြစ်တဲ့ စိတ်ဖိစီးမှုကို မကိုင်တွယ်နိုင်တာ၊ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာ၊ အဆိုးမြင်တာနဲ့၊ လောကဒဏ် (မိဘတွေ ဆုံးရှုံးတာ၊ ချစ်ခင်သူတွေ သေဆုံးတာ၊ အလုပ်ပြုတ်တာ)၊ နာတာရှည် ရောဂါဒဏ်၊ ဆေးဒဏ် ခံရတာတွေ ပါဝင်ပါတယ်။

အခုလို စိတ်ဓာတ်ကျတာကို ကာကွယ်နိုင်ဖို့ လောကဒဏ်ကို ရင်ဆိုင်နိုင်အောင် ပြုစုပျိုးထောင်ပေးတာ၊ ဆေးဝါးဒဏ်နဲ့ ရောဂါဒဏ်တွေ မခံရအောင် ကြိုတင်ကာကွယ်တာ၊ မိမိကိုယ်ကို ခံနိုင်ရည်ရှိအောင်နဲ့ ဦးနှောက်ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ပုံမှန် အားကစားလုပ်တာ၊ ဦးနှောက်ထိခိုနိုင်တဲ့ ဆေးတွေမသုံးတာ၊ အဝမလွန်အောင် ထိန်းထားပြီး အဆီနည်းနည်းစားတာ၊ အသီးအရွက်၊ ငါးပိုစားတာ၊ စိတ်ဖြေလျှော့တာ (Yoga ကစားတာ၊ တရားထိုင်တာကဲ့သို့ အသက်ရှုသွင်းရှုထုတ်လုပ်တာ)၊ အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ (ဥပမာ- အလုပ်ချိန်နဲ့ အနားယူချိန်ခွဲထားတာ)၊ အရက်နဲ့ မူးယစ်ဆေးရှောင်တာ၊ စိတ်ရှည်ရှည်ထားတာတွေ ပါဝင်ပါတယ်.

ရောဂါဖြစ်လာတာ ကြိုသိဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ ကာယကံရှင်ကိုယ်တိုင် စိတ်ဓာတ်ကျနေတယ်လို့ ထုတ်ပြောတာ၊ စိတ်ဓာတ်ကျနေတဲ့ပုံ မျက်နှာမှာပေါ်နေတာ၊ အရင်ပုံမှန် စိတ်ဝင်စားတာတွေ စိတ်မဝင်စားတော့တာ၊ အရင်ပျှော်တာတွေ အခု မပျှော်ပိုက်တော့တာ၊ ဝလာတာ (သို့မဟုတ်) ပိန်သွားတာ၊ အိပ်ရေးပျက်တာ (သို့မဟုတ်) အလွန်အကျွံထိုးအိပ်တာ၊ စိတ်ပိုင်းဆိုင်ရာလုပ်ငန်းတွေ နှေးကွေးလာတာ (သို့မဟုတ်) နေမထိထိုင်မသာ ပြာယာခပ်နေတာ၊ အားကုန်သလို အားမရှိသလို ခံစားရတာ၊ နေရထိုင်ရ အကျိုးမရှိသလို ခံစားရတာ၊ ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားနေရတာ၊ အာရုံစိုက် မတွေးနိုင်တာ မစဉ်းစားနိုင်တာ၊ ဆုံးဖြတ်ချက် မချနိုင်တာနဲ့ နောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာတာအထိ ပါပါတယ်။

ဒီရောဂါဖြစ်လာသူတွေအနေနဲ့ မိသားစု၊ မိတ်ဆွေတွေကို ခံစားနေရတာတွေ ရင်ဖွင့် ပြောပြနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။ ကုသမှုမှာတော့ စိတ်ပိုင်းဆိုင်ရာ ကုထုံးအနေနဲ့ စကားပြောတိုင်ပင်ဆွေးနွေးတာနဲ့ မကောင်းမြင်စိတ်ကနေ အကောင်းမြင်စိတ် အဖြစ်ပြောင်းလာအောင် ဆွေးနွေးတာတွေ လုပ်ပေးသင့်ပါတယ်။ အခုလို စိတ်ကုထုံးနဲ့ မသက်သာမှသာ ထိရောက်တဲ့ ဆေးဝါးတွေနဲ့ ကုသပေးနိုင်ပါတယ်။

ဒီအကြောင်း တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ၊ ပညာဌာန ပါမောက္ခ၊ ဌာနမှူးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာ ဥာဏ်ဝင်းကျော် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG