သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတယာယီအမိန့် အကောင်အထည်ဖော်မှု ပြသနာအတွက် ဝန်ကြီးတာဝန်ခံ


မူဆလင်နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် ယာယီတားမြစ်မှုနဲ့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုက လက်ခံတဲ့ အစီအစဉ်ကို ဆိုင်းငံ့ဖို့ သမ္မတ Donald Trump ရဲ့ အမိန့်ကို အကောင်အထည်ဖော်မှုမှာ - သူ့အနေနဲ့ အချိန်ယူခဲ့ဖို့ကောင်းတယ်လို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီး John Kelly က ဥပဒေပြုအမတ်တွေကို အင်္ဂါနေ့က ပြောဆိုခဲ့သလို၊ အစီအစဉ်ကို စတင်ကျင့်သုံးရာမှာ ကွန်ဂရက်လွှတ်တော်နဲ့ ဆက်သွယ်ဆောင်ရွက်မှု အားနည်းခဲ့တဲ့အတွက် သူ့မှာတာဝန်ရှိတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကို ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က ရောက်ရှိလာပြီး၊ အောက်လွှတ်တော် အမိမြေလုံခြုံရေးကော်မတီရှေ့မှောက် ဝန်ကြီး Kelly က ထွက်ဆိုချိန်မှာ - သူ့အနေနဲ့ အချိန်နည်းနည်းလောက် ပိုယူခဲ့သင့်တယ်လို့လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မူဆလင်နိုင်ငံတချို့က နိုင်ငံသားတွေကို ပြည်ဝင်ခွင့် တားမြစ်လိုက်တဲ့ နိုင်ငံတွေရဲ့ စာရင်းကို ပြုစုရာမှာ ဘာသာရေးကို အခြေခံစဉ်းစားခဲ့ခြင်း မရှိခဲ့ကြောင်းပြောဆိုရင်း - သမ္မတရဲ့ အမိန့်နဲ့ ပတ်သက်လို့ အောက်လွှတ်တော်ရဲ့ ဝေဖန်မှုတွေကိုလည်း ကာကွယ်ပြောဆိုသွားပါတယ်။

မူဆလင်နိုင်ငံတွေ ဖြစ်တာကြောင့် ဆုံးဖြတ်ရတာမဟုတ်ဘဲ၊ သူတို့ဆီက သတင်းအချက်အလက်တွေကို မယုံကြည်တဲ့အတွက် စာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့တာပါ။

ပြည်ဝင်ခွင့် တားမြစ်လိုက်တဲ့ နိုင်ငံတွေက လက်တွေ့မြေပြင်အခြေအနေတွေကြောင့် လျှောက်လွှာတွေကို သေသေချာချာ စိစစ်ဖို့ မလွယ်တာကြောင့် - သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်ဟာ လိုအပ်တယ်လို့လည်း ဝန်ကြီး Kelly က ပြောပါတယ်။ မူဆလင်နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် ယာယီတားမြစ်မှုနဲ့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုက လက်ခံတဲ့ အစီအစဉ်ကို ဆိုင်းငံ့ဖို့ သမ္မတ ရဲ့ အမိန့်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အယူခံတရားရုံးတခုမှာ ဒီကနေ့ နှုတ်နဲ့အပြန်အလှန် လျှောက်ထားကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG