သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုမှုအတွင်း ပျောက်ဆုံးသူတွေ ရှာဖွေမှု ရပ်ဆိုင်း


ဖားကန့် မြေပြိုမှု
ဖားကန့် မြေပြိုမှု

ဖားကန့်ဒေသ ဝှေခါးမှော် ကျောက်တွင်းပြိုကျမှုကြောင့် လူတဒါဇင် သေဆုံး ခဲ့ရပြီးနောက် ဒီကနေ့ မှာတော့ ပျောက်ဆုံးသူတွေကို ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီး တချို့ကတော့ ပြန်ပြီး ကျောက်တူးနေကြတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ဖားကန့်နဲ့ မြစ်ကြီးနား ဆေးရုံတွေကို ပို့ဆောင် ထားပါတယ်။ ဝှေခါးမှော် ကျောက်စိမ်းတွင်း ပြိုကျမှု နောက်ဆုံးရ အခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါးမှော်မှာ ကျောက်စိမ်းတွင်း ပြိုကျ မှုကြောင့် သေဆုံးသူ ၁၂ ဦး နဲ့ ဒဏ်ရာရသူ ၁၃ ဦးရှိခဲ့ပါတယ်။ ပြိုကျပြီး ကျောက်စိမ်း တွင်း ထဲ ပိတ်မိသွားသူတွေ ပျောက်ဆုံးသူတွေ ရှိမရှိကိုတော့ မသိရသလို တူးဖော်ကယ်ဆယ်မှုလည်း မရှိဘူးလို့ ဒီကနေ့ မနက်ပိုင်း ကျောက်စိမ်းတွင်း ပြိုကျရာ နေရာကို ကိုယ်တိုင် ရောက်ရှိခဲ့သူ ဖားကန့် ဒေသခံ ဦးမရန်ဂျာလ က ပြောပါတယ်။

“ဘယ်သူမှမရှိဘူး ဒီမနက် ကျနော်လည်းရောက်ပြီးပြီ။ သူတို့က အပေါ်မှာတွေ့တဲ့အလောင်း ၁၂ လောင်းနဲ့ အပေါ်မှာတွေ့တဲ့ ဒဏ်ရာရတဲ့လူ မနေ့ကထုတ်လာတာ ဒါပဲရှိတယ်။ ဘာမှာသွားရှာဖွေတာ ၊ ဖော်တာ ဘယ်သူမှမရှိပါဘူး အဲဒီနေရာ ဒီမနက်ပဲ ကျနော်ရောက်ခဲ့တယ်။ ပျောက်တယ် ဆိုတာက ဒီမှာ လူစာရင်းအတိအကျမရှိဘူး။ အဝေးကနေလာရောက်ပြီးတော့ လုပ်ကိုင်စားသောက်တဲ့ လူတွေကြီးပဲဆိုတော့ အခုချက်ချင်းက မသိနိုင်ဘူး။ အဲဒါအခုက ပျောက်ဆုံးတဲ့ ဆွေမျိုးတွေရှိလို့ရှင်ရင် စာရင်းပေးသွင်းဖို့အခုအထိပဲ သူတို့အဲဒီလိုပဲ စီစဉ်နေကြတယ်။”

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေက မိုးတွင်းရာသီမှာ စီးပွားဖြစ် ကျောက်စိမ်း တူးဖော် မရတဲ့ အခြေအနေမှာ ခေတ္တနားနေချိန် တပိုင်တနိုင် ကျောက်ရှာသူတွေ ဝင်ရောက်တူးဖော်ရင်း ဝမ်းနည်းဖွယ် သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတာဖြစ်တယ် လို့လည်း ဖားကန့် ဒေသခံ ဦးမရန်ဂျာလက ပြောပါတယ်။

“ဒီ ကျောက်ကြော နှိုက်ရင်းနဲ့ ဟိုအနက်ကြီးကို နက်ဝင်သွားတာလေ။ ဒီပွင့်လင်းရာသီတုန်းက နှိုက်ထားတာ အခုမိုးရွာလာတဲ့အခါကျတော့ သူတို့ တခါတည်းနားလိုက်တာ။ ကုမ္ပဏီက သိမ်းသွားတဲ့အခါကျတော့ အဲဒီဝှေခါးက ကျောက်ရှာတဲ့လူတွေက တခါထဲ အဲဒီမှာ ဝင်တူးကြတာပေါ့နော်။ အဲဒီမှာ တခါထဲ ပြိုပြီးပိသွား ကုန်တယ်လေ”

ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ဖားကန့် ဒေသတကြော သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်ဆီးနေပြီး ဒေသခံတွေရဲ့ လူနေမှု ဘဝကိုပါ ကူကယ်ရာမဲ့ ထိခိုက်စေတယ်လို့လည်း ဦးမရန်ဂျာလက ပြောပါတယ်။

“အရင်တုန်းက ဒီမှာက ဥရုချောင်းဆိုရင်လည်း တကယ့်ကြည်လင်တဲ့ ရေကောင်း တဲ့ချောင်းတခုပါပဲ။ ငါးတွေလည်း တအားပေါတဲ့ချောင်းဟုတ်တယ်။ အခုက ရွံ့နွံတွေကြီးပဲဖြစ်သွားကုန်ပြီ။ ပြီးတော့လည်း ဖားကန့်ပတ်ဝန်းကျင်က တကယ့် သဘာဝတောတောင်တွေပြုန်းသွား တယ်။ ပြီးတော့ တောင်တွေကလည်း တခုပြီးတခု ပျောက်သွားကုန်ပြီ။ အဲဒီတောင်တွေက တကယ့် ချိင့်ဝှမ်းကြီးလို ဖြစ်သွား ပြီလေ။ လုံးခင်း၊ ဖားကန့် ၊ ဆိုင်းတောင်၊ တာမခန် တလျှောက်က ပြည်သူတွေက အများကြီး ဒုက္ခပင်လယ် ဝေကြတယ်။ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့လည်း မရတော့ဘူး။ ဒီအာဏာရှင်တွေက လုပ်တဲ့အခါကျတော့ အိမ်တွေကလည်း ၂ ထပ်အိမ်တွေကနေ ၁ ထပ်ဖြစ်သွားကုန်တာ။ ဘယ်သူမှ ဘာမှ နစ်နာကြေးလည်းမရ၊ အဲလိုပေါ့ နည်းနည်းတတ်နိုင်တဲ့လူတွေက အိမ်တနှစ်တခါ ပြောင်းပေါ့။ မတတ်နိုင်တဲ့လူတွေက ဆုံးရှုံး ကုန်ပြီလေ။”

အခုအချိန်ထိတော့ ကျောက်စိမ်းတွင်းပြိုကျတဲ့ နေရာမှာ အန္တရာယ် ရှိတဲ့ နေရာအဖြစ် ဒေသန္တရ အာဏာပိုင်တွေဘက်ကလည်း သတိပေးတားဆီးမှု၊ သဘာ၀ ဘေးဒဏ်နဲ့ ကြုံတွေ့ရရင်လည်း ရှာဖွေ ကယ်ဆယ်ရေးဆိုတာမျိုးက ဖားကန့်ဒေသမှာ လုပ်လေ့လုပ်ထ မရှိတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဖားကန့် ဒေသခံက ပြောပါတယ်။ ကျောက်တွင်းပြိုကျမှု မြေစာပုံ ပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်တူးသူတွေ ကျောက်ရှာသူတွေ သေဆုံးမှု ထိခိုက်ဒဏ်ရာ ရရှိမှုတွေမှာလည်း ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ မသိရသလို လျော်ကြေး ဆိုတာလည်း မရှိဘူးလို့လည်း ဖားကန့် ဒေသခံတွေက ပြောပါတယ်။

အရင် အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို လက်ရှိ လူထုက ရွေးကောက်ထားတဲ့ အမမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ အစိုးရသစ် အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆိုကြပါတယ်။ ၂၀၁၄ ခုနှစ် အတွင်း ဖားကန့် ဒေသ ကျောက်စိမ်းတူးဖော်မှု ကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ ရရှိခဲ့ပြီး အကျိုးအမြတ် အများစုကို စစ်တပ်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ခံစားနေကြတာ ဖြစ်တယ်လို့လည်း မနှစ်က ထုတ်ပြန်တဲ့ Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG