သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ်က သတင်းကြောင့် ဖားကန့်ရဲအရာရှိ စစ်ဆေးခံရ


လူမှုကွန်ယက်ပေါ်က သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိပုံ (Citizen Journalist)
လူမှုကွန်ယက်ပေါ်က သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိပုံ (Citizen Journalist)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် က မဒဲယန်ခေါ် မှော်ပုံကျေးရွာက ဆယ်အိမ်မှုးရွေးချယ်ပွဲမှာ တက်ရောက်လာသူတွေကို သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိတဦးရဲ့ပုံတွေ အင်တာနက် လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အခုအခါ၊ သက်ဆိုင်ရာ ရဲအရာရှိကို ထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ရာဇဝတ်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ဖားကန့်ဒေသမှာ တရားဥပဒေစိုးမိုးရေးအတွက် အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လည်း ဒေသခံနိုင်ငံရေး အသိုင်းအဝိုင်းက လိုလားနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခင်းဖြစ်ပွားခဲ့တာကတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက မဒဲန်ယန်ခေါ်မှော်ပုံကျေးရွာအတွက် ဆယ်အိမ်မှုးရွေးခြယ်ပွဲမှာ အရင် အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ရွေးချယ်ဖို့ ဆွေးနွေးရာကနေစတင်တာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ နှစ်ဘက်အချေအတင်ဖြစ်ပြီးတဲ့နောက် အစည်းအဝေးမှာ ရောက်ရှိနေတဲ့ ရဲတပ်ရင်း ၁၆ က ဒုရဲအုပ်က သေနတ်နဲ့ချိန်ပြီး တက်ရောက်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တက်ရောက်လာသူတွေကို ငေါက်ငမ်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီလိုသေနတ်နဲ့ချိန် ခြိမ်းခြောက်ခဲ့တဲ့ နောက်မှာ ဒုရဲအုပ်က ဝန်ချတောင်းပန်ခဲ့သလို ကာယကံရှင် တွေက နားလည်ခွင့်လွှတ်ကြောင်း တုံ့ပြန်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီအခင်းဖြစ်ပွားခဲ့တာဟာ ဒီလ ၆ရက်နေ့မနက်ပိုင်းကဖြစ်ပြီး ၇ရက်နေ့ နေ့ခင်းမှာတော့ ဒီအခင်းဖြစ်ပွားတဲ့ ဓါတ်ပုံနဲ့အသံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံသွားခဲ့ပါတယ်။

လောလောဆည်မှာတော့ သေနတ်နဲ့ချိန်တဲ့ ဒုရဲအုပ်ကို ရဲတပ်ဖွဲ့က အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးကြီး ဝင်းသူရနောင်က ပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့ သူ့ကို တပ်ဖွဲ့အတွင်း ဆောင်ရွက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ သူ့ကိုတော့ သီးခြားတာဝန်မပေးပဲနဲ့ ထိန်းသိမ်းထားပါတယ်။ သူတို့ သက်ဆိုင်ရာ ကွပ်ကဲမှုမှာ စိစစ်ပြီးရင်တော့ ဒါကတော့ အရေးယူသွားမယ့် အပိုင်းတော့ ရှိမယ်ထင်ပါတယ်။”

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦတင်စိုးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးကလည်း အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။

“မနေ့ကညနေပိုင်းကပဲ တာဝန်ရှိတဲ့လူကနေပြီးတော့ ကျနော့်ကို လှမ်းပြီးတော့ သတင်းပို့ပါတယ်။ ဒုရဲအုပ်စိုးဇော်ဇော် ကို သူတို့ ရဲလုပ်ထုံးလုပ်နည်းကနေ အဲဒီမှာရှိတဲ့ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေနဲ့ ဖွဲ့ပြီးတော့ စစ်ဆေးမှုလုပ်နေပါပြီဆိုတာလည်း ကျနော်သိရပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ တခါ ဒီထွေအုပ်ကလည်းပဲ ဒါထွေအုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမှာ သူ့အနေနဲ့ ဝင်ပြီးတော့မှ မလုပ်သင့်တာကိုလုပ်တဲအတွက် ဒါကို ထွေအုပ်နဲ့ ဆိုင်တဲ့ ကဏ္ဍကလည်း သူတို့အနေနဲ့ အရေးယူဖို့ အဲဒီမှာရှိတဲ့ မှော်ပုံမှာရှိတဲ့ ဒေသခံတွေ ကိုလာရောက်တိုင်ကြားဖို့ ပြောဆိုထားတာလေးတွေကိုလည်း သိရပါတယ်ခင်ဗျ။ ဒီဘက်ကလည်း ထပ်ပြီးတော့မှ သူတို့ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုတာ သိရပါတယ်ခင်ဗျ။”

တဆက်တည်းမှာပဲ ဒီကိစ္စကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့လည်း အကြံပြုပြောဆိုပါတယ်။

“ကျနော်တို့ ဖားကန့်ဒေသဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကြားထဲမှာ ညှပ်နေရတဲ့ ဒေသတခုပါ။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ရှိရင် အင်မတန်မှကို အားနည်းတဲ့ ဒေသတခုဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့မှ ဆောင်ရွက်ပေးရမယ့်အစား အခုလို လုပ်နေတဲ့ အနေအထားမျိုးဟာ ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုလည်း အင်မတန်မှ ထိခိုက်စေသလို ၊ ကျနော်တို့ရဲ့ အရပ်သားအစိုးရရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတဲ့အတွက် ဒါတွေကို ပြတ်ပြတ်သားသား တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ ဒါလေးကို အကြံပေးချင်ပါတယ်ခင်ဗျာ”

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ရှိသူတွေ မရှိသေးကြောင်းသာ ပြန်လည် ဖြေကြား ပါတယ်။

ဒီလ ၅ရက်နေ့ကလည်း ဖားကန့်မြို့နယ် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်တွေ၊ ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ နှင့် ရပ်မိ ရပ်ဖတွေပူးပေါင်းပြီး မရှီကထောင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းမှာ ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ဖားကန့် သယံဇာတနဲ့ အခြား အကြောင်းအရာများ ဆွေးနွေးနေစဉ် မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့ လူ ၂၀ကျော်လောက် ဝင်ရောက်ခြိမ်းခြောက်စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကတော့ ဖားကန့်မြို့နယ် မှော်ရှန်ရွာက ရာအိမ်မှုး ဒေါ်နန္ဒာလှိုင်ဟာ သူ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး အခုချိန်ထိ တရားခံကို ဖော်ထုတ်နိုင်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG