သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေစက္ကူပြန်သိမ်းတဲ့ကိစ္စ အိန္ဒိယပြည်သူတွေ အခက်တွေ့


အိန္ဒိယသုံးငွေစက္ကူများ။
အိန္ဒိယသုံးငွေစက္ကူများ။

အိန္ဒိယနိုင်ငံမှာ ငွေစက္ကူအတုတွေကို နှိမ်နင်းဖို့ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးတွေကို ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ က ပြန်လည် သိမ်းဆည်းမယ်လို့ ရုတ်တရက် ကြေညာခဲ့တာကြောင့် ငွေတွေကို ပြန်လဲဖို့ နိုင်ငံတဝှမ်း ဘဏ်တွေရှေ့မှာ သောကြာနေ့က စိတ်ပျက်လက်ပျက်နဲ့ လူတွေ တန်းစီစောင့်ဆိုင်း ခဲ့ကြရပါတယ်။

စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီယံလောက် တန်ဘိုးရှိပြီး၊ လက်ရှိသုံးစွဲနေတဲ့ အိန္ဒိယရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန် ငွေစက္ကူတွေကို အပ်နှံကြဖို့ နိုဝင်ဘာလ ၈ ရက် အင်္ဂါညမှာ ဝန်ကြီးချုပ် မိုဒီက ရုတ်တရက် ကြေညာခဲ့တာပါ။ အဂတိလိုက်စားမှုတွေကို အားပေးနေပြီး၊ အိန္ဒိယကို ဆန့်ကျင်ပုန်ကန်နေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကတောင်မှ တိုက်ခိုက်မှုတွေ အတွက် သုံးစွဲနေတဲ့ ငွေကြေးတွေကို နှိမ်နင်းတာလို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

အစိုးရရဲ့ ကြေညာချက်ကြောင့်၊ တန်ဖိုးမရှိတော့တဲ့ ငွေစက္ကူတွေကို တခြားငွေစက္ကူအသေးနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အတုလုပ်ဖို့မလွယ်အောင် လုပ်ထားတဲ့ ၂၀၀၀ တန် ရူပီးငွေစက္ကူအသစ်တွေနဲ့ လဲလှယ်ဖို့ လူတွေက ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပေမဲ့လည်း အနည်းအကျဉ်းလောက်သာ လဲလှယ်ခွင့်ရတဲ့အတွက်ဒေါသထွက် နေသူတွေလည်း ရှိပါတယ်။ အတိုက်အခံ ကွန်ဂရက်ပါတီ ဒုဥက္ကဋ္ဌ ရာဟုဂန္ဓီ ကတော့ နယူးဒေလီမြို့တော်က လူတွေပြည့်ကျပ်နေတဲ့ ဘဏ်တခုကို သွားရောက်ခဲ့ပြီး၊ လူတွေ အဆင်မပြေဖြစ်နေတာကို မီးမောင်းထိုးပြရင်း၊ လူတွေကြုံနေရ တဲ့ ဒုက္ခတွေကို သတင်းမီဒီယာတွေ၊ သန်းကြွယ်သူဌေးတွေ၊ ဒါမှမဟုတ် ဝန်ကြီးချုပ် တို့က နားလည်မှာမဟုတ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG