သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတပ်တွေ မြန်မာပိုင်နက်အတွင်း သူပုန်အဖွဲ့တွေကို လိုက်လံ တိုက်ခိုက်


အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ် မဏိပူဒေသ
အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ် မဏိပူဒေသ

အိန္ဒိယနိုင်ငံ မဏိပူဒေသထဲမှာ လူသေဆုံးမှု ရှိခဲ့တဲ့ မေလ ၂၂ ရက်နေ့က အာသံရိုင်ဖယ်တပ် ယာဉ်တန်း၊ ခြုံခို အတိုက်ခိုက် ခံရမှုအတွက် လုပ်ဆောင်ရာမှာ ပါဝင်သူတွေကို လိုက်လံရှာဖွေဖို့ အိန္ဒိယတပ်ဖွဲ့တွေ မြန်မာ့မြေထဲ ဝင်ရောက်ခဲ့တယ်လို့ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Economic Times က ဖေါ်ပြပါတယ်။

ဒါဟာ တနှစ်မပြည့်ခင်မှာပဲ ဒုတိယ အကြိမ်အဖြစ် အိန္ဒိယတပ်တွေ မြန်မာ့ပိုင်နက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်အထိတော့ သေဆုံးသူဦးရေကို အတိအကျ မသိရသေးပေမယ့် သောကြာနေ့ နှောင်းပိုင်း ပြုလုပ်တဲ့ ဒီစစ်ဆင်ရေးကနေ လက်နက်ကိုင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၈ ဦးကိုပါ လက်ရ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ မြန်မာ အာဏာပိုင်တွေထံ အပ်နှံခဲ့တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူအရေအတွက်ကို အတည်မပြုသေးပေမယ့် အိန္ဒိယ တပ်တွေဟာ ၂ နိုင်ငံ နယ်စပ် လွတ်လပ်တဲ့ ဇုံကနေ မြန်မာ့ပိုင်နက်ထဲ ၉ မိုင်လောက်အကွာက စခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာဘက်ကတော့ ချက်ချင်းတုန့်ပြန်ပြောဆိုမှုတွေ မရှိသေးပါဘူး။

မေလ ၂၂ ရက်နေ့ ခြုံခိုအတိုက်ခိုက်ခံခဲ့ရတုန်းက အာသံရိုင်ဖယ်တပ်က တပ်သား ၆ ဦး သေဆုံးခဲ့ရတာ ဖြစ်ပြီး သူတို့ကို တိုက်ခိုက်သူဟာ မဏိပူ တောင်ကြားဒေသတွေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဗဟို ကော်မတီ CorCom က ဖြစ်ကြောင်း အာသံရိုင်ဖယ်တပ် ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ CorCom အဖွဲ့ကလည်း မေလ ၂၂ ရက် ခြုံခိုတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အာသံရိုင်ဖယ်တပ်က တပ်သား ၁၇ ဦးသေဆုံးစေခဲ့တဲ့ ခြုံခိုတိုက်ခိုက်သူတွေကို မြန်မာ့ မြေထဲဝင်ပြီး အထူးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့တဲ့အတွက် သူပုန် ၆၀ လောက် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG