သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု ပူးပေါင်းတိုက်ဖျက်ဖို့ Goa ညီလာခံမှာ ဒေါ်စု ပြော


BRICS ထိပ်သီးညီလာခံ တက်ရောက်လာသောနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အိန္ဒိယ ဝန်ကြီးချုပ် ကြိုဆို (Ministry of Foreign Affairs Myanmar )
BRICS ထိပ်သီးညီလာခံ တက်ရောက်လာသောနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အိန္ဒိယ ဝန်ကြီးချုပ် ကြိုဆို (Ministry of Foreign Affairs Myanmar )

ပုံစံမျိုးစုံရှိနေတဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ မှန်သမျှ ညီညီညွတ်ညွတ်နဲ့ အတူတကွတိုက်ဖျက်ဖို့ ဒေသတွင်း ခေါင်းဆောင်တွေအပါအဝင် ရုရှား၊ တရုတ်၊ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံ ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံအုပ်စုတွေရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်နေတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အိန္ဒိယနိုင်ငံ Goa မြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံအုပ်စု တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာအတွက် အဓိကပြဿနာဖြစ်နေတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ဖျက်ရေးကိစ္စ အဓိကအချက်တခုအဖြစ် ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

အကြမ်းဖက်ဝါဒဟာ ပါကစ္စတန်နိုင်ငံက လက်သက်မွေးထားတဲ့အိမ်မွေးခြံပေါက် ဖြစ်လာခဲ့တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“နိုင်ငံတနိုင်ငံက လွဲလို့ တောင်အာရှ ဒေသအပါအဝင် BIMSTEC နဲ့ နိုင်ငံအားလုံးဟာ သူတို့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံဖြိုးရေးနဲ့ စီးပွားရေးအရ ချမ်းသာကြွဝရေး လမ်းကြောင်းကို ဦးတည်လုပ်ဆောင်နေကြပါတယ်။ ကံမကောင်းစွာပဲ အကြမ်းဖက်ဝါဒအမှောင်ထုရှိနေတဲ့ အိန္ဒိယနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ နိုင်ငံမှာ အကြမ်းဖက်ဝါဒဟာ အဲဒီနိုင်ငံရဲ့ လက်သက်မွေးထားတဲ့ ကလေးငယ်တဦးလို ဖြစ်လာခဲ့ပါတယ်။”

ဒါအပြင် ပါကစ္စတန်နိုင်ငံဟာ အစွန်းရောက် အကြမ်းဖက်တဲ့နိုင်ငံဖြစ်သလို၊ အကြမ်းဖက်သမားတွေကို အားပေးနေတဲ့ နိုင်ငံဖြစ်တယ်လို့ Mr. Modi က အစည်းအဝေးမှာ စွပ်စွဲပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အစွန်းရောက်အကြမ်းဖက်မှုကို တိုက်ဖျက်သွားမှာဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ပုံစံမျိုးစုံ၊ သရုပ်သကန်မျိုးစုံရှိနေတဲ့ အကြမ်းဖက်တဲ့ အစွန်းရောက်ဝါဒကို ညီညီညွတ်ညွတ် ဝိုင်းဝန်းတိုက်ဖျက်ဖို့ အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုတိုက်တွန်းသွားပါတယ်။

“ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာ သဘောထားသေးသိမ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပုံစံမျိုးစုံ၊ သရုပ်သဏ္ဍန်မျိုးစုံးရှိနေတဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကျမတို့အားလုံးတညီတညွတ်တည်း ရပ်တည်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တဆက်တည်းပြောချင်တာက မကြာသေးခင်ကပဲ Uri မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် အိန္ဒိယပြည်သူတွေနဲ့အတူ ထပ်တူထပ်မျှ ကိုယ်ချင်းစာနာမိကြောင်း ကျမ ပြောကြားလိုပါတယ်။”

ဒါဟာ မြန်မာနိုင်ငံမှာ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုလိုက်တာလို့မြင်ကြောင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်ဆံရေး လေ့လာသုံးသပ်နေသူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ဒီ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကထောက်ပြသလိုပေါ့လေ ဒီဒေသတွင်းအကြမ်းဖျက်မဥဟာ ပါကစ္စတန်နိုင်ငံက အခြေခံတယ်ဆိုတာက သူတို့ သက်သေအထောက်အထားတွေနဲ့လည်းရှိပါတယ်။ အထူးသဖြင့် တာလီဘန်ပေါ့။ ဒီမြန်မာပြည်ကို အခုတိုက်ခိုက်တဲ့လူတွေကလည်း ပါကစ္စတန်ကိုသွားပြီးတော့ အနည်းဆုံး ၆ လ လောက် သင်တန်းတက်တယ်ဆိုတဲ့ သတင်းတွေထုတ်ပြန်ထားတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စမှာ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ပြောဆိုတာလို့ မြင်ပါတယ်။”

ဒီအစည်းအဝေးမတိုင်ခင် ပြီးခဲ့တဲ့သတင်းပတ်က မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် နယ်စပ် လုံခြုံရေးစခန်းတချို့ကို Aqa Mul Mujahidin အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ Aqa Mul Mujahidin အဖွဲ့မှာ အကြမ်းဖက်သမားအင်အား ၄၀၀ ခန့်ရှိပြီး ခေါင်းဆောင် ဟာဗစ်တူဟာရ် ဟာ ပါကစ္စတန်နိုင်ငံ သွားပြီး အကြမ်းဖက်တိုက်ခိုက်ရေး သင်တန်း (၆)လ တက်ခဲ့သူဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုထားပါတယ်။

အခု အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ အစည်းအဝေးကို စီးပွားရေးအလျှင်အမြန်တိုးတက်နေတဲ့အုပ်စုလို့ အမည်ပေးထားတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက စတဲ့ ၅ နိုင်ငံတွေပါဝင်တဲ့ BRICS အဖွဲ့နဲ့ မြန်မာနိုင်ငံပါဝင်တဲ့ BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်း ပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲပြု လုပ်တာဖြစ်ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ဒေသတွင်း စီးပွားရေးတိုးတက်ဖွံဖြိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာ စတဲ့ ကိစ္စရပ်တွေအပါအဝင် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။

ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အစည်းအဝေးပြင်ပ နိုင်ငံအလိုက် သီးသန့်တွေ့ဆုံမှုတွေရှိနေပြီး မနေ့က တရုတ်သမ္မတ ရှီကျင့်ပင်၊ သီရိလင်္ကာ သမ္မတ Maithripala Sirisena တို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာတော့ နယူးဒေလီမြို့တော်ကို သွားရောက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ နှစ်နိုင်ငံအကျိူးတူ ကိစ္စရပ်တွေကို သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ ခရီးစဉ်ဟာ အောက်တိုဘာလ (၁၆)ရက်နေ့ကနေ (၁၉)ရက်နေ့ထိ လေးရက်ကြာမြင့်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG