သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုငလျှင် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိ


အင်ဒိုနီးရှားနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်
အင်ဒိုနီးရှားနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ပိုပြီးတော့ တိုးလာနေ ပါတယ်။

Sumatra ကျွန်း မြောက်ဘက်အစွန်က ငလျင် အဓိကဗဟိုပြု လှုပ်ခဲ့တဲ့ နေရာနဲ့ အနီးဆုံးမှာရှိတဲ့ Pidie Jaya ခရိုင်မှာ သေဆုံးသူ ၉၇ ယောက်ထက်မနည်း ရှိလာနေပြီး နောက်ထပ် ရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

Meureudu မြို့ဟာလည်း ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံရတဲ့အထဲမှာ ပါပါတယ်။ ငလျင်ကြောင့် ဗလီတွေ၊ စတိုးဆိုင်တွေနဲ့ လူနေအိမ်တွေ အပါအဝင် အဆောက်အဦးတွေ ဒါဇင်နဲ့ချီ ပြိုကျခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ - တချို့က စက်ကိရိယာကြီးတွေသုံးပြီး အပျက်အစီးပုံတွေအောက်မှာ ပိတ်မိကောင်း ပိတ်မိနေနိုင်တဲ့သူတွေကို ရှာဖွေ နေကြပါတယ်။

ငလျင်လှုပ်တဲ့အရှိန်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အိမ်တွေ ပြိုကျခဲ့တာနဲ့အမျှ ထိတ်လန့်တကြား ထွက်ပြေးကြသူတွေ အများအပြား ရှိခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ကြေညာချက် ထုတ်ပြန် ပြောထားပါတယ်။

၆.၅ ပြင်းအားရှိတဲ့ ငလျင်ဟာ Reuleut မြို့အနီးမှာ ဗဟိုပြု လှုပ်ခဲ့တဲ့အကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းဌာနကလည်း ပြောပါတယ်။ ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ တက်လာခဲ့တာတော့ မရှိဘူးလို့ အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဌာန ဌာနက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်ဒဏ် အလွယ်တကူ ခံရနိုင်တဲ့ ကမ္ဘာ့ ငလျင်ကြောပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG