သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ရခိုင်အရေး ဆွေးနွေး


အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (Ministry of Foreign Affairs Myanmar)
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (Ministry of Foreign Affairs Myanmar)

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ ရခိုင်ဒေသတွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ အစိုးရရဲ့ ဒေသတွင်း တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးကို လေးစားသမှုနဲ့ အကာအကွယ်ပေးဖို့ မျှော်လင့်တဲ့ အကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး အကူအညီတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မသိဂီ ၤထိုက် စုစည်းတင်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi အင်္ဂါနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ရခိုင် အရေး ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေပေါ်မှာ အင်ဒိုနီးရှား နိုင်ငံရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးကြတာမှာတော့ ဒေသတွင်း တည်ငြိမ်ရေး ဆောင်ရွက်ချက်တွေမှာ အထူးသဖြင့် လူနည်းစု မွတ်စလင်တွေ အပါအဝင် ရခိုင်ဒေသတွင်းက လူမှုအသိုင်းအဝိုင်း တခုလုံးရဲ့ လူ့အခွင့်အရေးကို လေးစားပြီး အကာအကွယ်ပေးဖို့လည်း မျှော်လင့်တဲ့ အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ရခိုင်ဒေသတွင်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အဓိက သော့ချက်ကတော့ လူမှုအသိုင်းအဝိုင်း တခုလုံး တူညီတဲ့ အခွင့်အရေးနဲ့ တာဝန်တွေ ရရှိဖို့ ဖြစ်ပါတယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီစဉ် အပြီး ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ဒေသတွင်း ဖွံ့ဖြိုးရေး အကူအညီတွေပေးအပ်နိုင်ရေး အတွက်လည်း နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း တခုလုံး အတွက် မျှမျှတတ ရှိမယ့် အကူအညီတွေဆိုရင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

“အင်ဒိုနီးရှားကတော့ အစောကြီးကတည်းက သူတို့ ကြုံတဲ့အခါမှာ ကူညီဖို့ သူတို့ အမြဲတမ်းပြောပါတာရှိပါတယ် သူတို့ဆေးပေးခန်းတွေပေါ့ ၊ ဆေးပေးခန်းတွေဆောက်ပေးမယ် ၂ ဘက် အသိုင်းအဝိုင်းအတွက် ကျောင်းဆိုရင်လည်း ၂ ဘက်အသိုင်းအဝိုင်းအတွက် ကျောင်းဆောက်ပေးမယ် ဒါမျိုးလေးတွေပြောထားတာ ရှိပါတယ်။ ဘာပဲပြောပြော ကျနော်တို့ အမြဲတမ်းရပ်တည်တဲ့အချက်ကတော့ ရခိုင်နဲ့ပတ်သက်ပြီး အကူအညီပေးမယ်ဆိုရင် လူမှုအဖွဲ့အစည်း ၂ ခုလုံးကို မျှမျှတတ ကူညီပေးမယ်ဆိုရင် ကျနော်တို့ကလက်ခံ ပြီးပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ မူအနေနဲ့သွားတာ ရှိပါတယ်။ အဲဒီတော့ သူတို့ ကလည်း လူမှုအဖွဲ့အစည်း ၂ ခုလုံးကို သဘောက ကျောင်းပဲဆောက်ဆောက် ၊ ဆေးခန်းပဲ ဆောက်ဆောက် အတူတူဆိုရင်တော့ ဘာပဲပြောပြော ကျနော်တို့လည်း လက်ခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ လုပ်မှာပါ။”

ရခိုင်အရေးကို ဖြေရှင်းတဲ့ နေရာမှာ လူမှုအသိုင်းအဝိုင်း တခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ရရှိရေးအရေးကြီးတယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရော ၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကရော သဘောတူကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မောင်တော ဒေသတွင်း မြန်မာ အစိုးရ နယ်ခြားစောင့် စခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း အင်ဒိုနီးရှား အစိုးရဘက်က ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ အင်ဒိုနီးရှား နိုင်ငံက ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတာ ဖြစ်ပါတယ်။

ရခိုင်ဒေသတွင်း ဆောက်လုပ်ပြီးစီးသွားတဲ့ စာသင်ကျောင်း ၂ ကျောင်း အတွက် အကူအညီပေးအပ်ခဲ့သလို စာသင်ကျောင်း ၆ ခု ဆောက်လုပ်ရေးမှာလည်း အထောက်အကူတွေ ပေးအပ်ခဲ့တာပါ။ ဒါ့အပြင် ဆေးရုံတခု ဆောက်လုပ်ဖို့လည်း အင်ဒိုနီးရှား အစိုးရက စီစဉ်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်း လူမှု အသိုင်းအဝိုင်းကြား အပြန်အလှန် နားလည်ပြီး သဟဇာတ ဖြစ်ရေး အတွက် ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေလည်း တိုးမြှင့်လုပ်ဆောင်ဖို့ နှစ်နိုင်ငံတို့ သဘောတူကြပါတယ်။ ရခိုင်ဒေသတွင်း အခြေအနေတွေကို ဆက်ပြီး စေ့စပ်ဆောင်ရွက်ဖို့ မြန်မာ အစိုးရ၊ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင်၊ နောက် ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေကြသူတွေ အားလုံးနဲ့ အင်ဒိုနီးရှား က ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG