သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံးသတ်ဖြတ်မှုလို့ လက်လွတ်စပယ် မပြောဖို့ ကိုဖီအာနန် တိုက်တွန်း


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအတွင်း အဲဒီမှာရှိတဲ့ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေဟာ အထူးသတိထားဖို့ လိုသလို သူ့အနေနဲ့ကတော့ တခြားလူတွေ စွပ်စွဲပြောဆိုသလိုမျိုး မပြောလိုဘူးလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က ပြောပါတယ်။

ဒီလိုစွပ်စွဲပြောဆိုတာတွေ မလုပ်ခင်မှာ ဥပဒေရှုထောင့်ကနေ သုံးသပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ရှားဖောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ မကြာခင်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းမှာရှိတဲ့ မူဆင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သုံးစွဲပြောဆိုမှုဟာ သတိထားရမယ့် အရာတခုဖြစ်သလို အဲဒီလို စွပ်စွဲပြောဆိုဖို့ဆိုတာ တရားဥပဒေ ရှုထောင့်ကနေ လေ့လာသုံးသပ်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်ပွားရာဒေသတွင်း သွားရောက်လေ့လာခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒါဟာ သိပ်ကိုပြင်းထန်တဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲနိုင်ဖို့အတွက် တရားဥပဒေရှုထောင့်က သုံးသပ်ဖို့ လိုအပ်ပါတယ်။ တရားစီရင်ရေးပိုင်းက ဆုံးဖြတ်ဖို့ လိုပါတယ်။ လက်လွတ်စပယ် လုံးချပြောဆိုလိုက်လို့ ရတဲ့အရာ မဟုတ်ပါဘူး။”

ရခိုင်ပြည်နယ်အတွင်းက အခြေအနေကို ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်လေ့လာအပြီး ဒီဇင်ဘာလ ၆ ရက်နေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ ကိုဖီအာနန် အဲဒီလို ပြောသွားတာပါ။

ရခိုင်ပြည်အနယ်အတွင်း ဖြစ်နေတဲ့အကြမ်းဖက်မှုတွေဟာ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလို့ မလေးရှားဝန်ကြီးချုပ် Najib Razak က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းက မူဆလင်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တဲ့အတွက် တနင်္ဂနွေနေ့က ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွင်း၊ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မလေးဝန်ကြီးချုပ်က အဲဒီလို စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု အခြေအနေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ သူ့အနေနဲ့ မပြောလိုကြောင်း ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ဘီဘီစီသတင်းဌာနနဲ့ မေးမြန်းရာမှာ မစ္စတာ ကိုဖီအာနန် က ပြောပါတယ်။

အခြေအနေက တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေရှိပေမဲ့ တချို့လူတွေ စွပ်စွဲပြောဆိုသလိုမျိုး သူ့အနေနဲ့ မပြောလိုကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲပြောဆိုရာမှာ အထူး အထူးကို သတိထားဖို့ လိုအပ်ကြောင်း၊ ကိုဖီအာနန်က ပြောပါတယ်။

ဒါ့အပြင် လူမှုအသိုင်းအဝိုင်း နှစ်ဘက်စလုံးက စိုးရိမ်မှုတွေရှိနေသလို၊ ကြောက်ရွံ့မှုတွေနဲ့ နားလည်မှု လွဲမှားတာတွေရှိနေကြောင်း၊ ကြောက်ရွံ့မှုတွေဟာ ပိုပြီးကြီးထွားလာနေပေမဲ့ ဒါကို ပြေလျော့သွားအောင်လုပ်ဖို့ နည်းလမ်းရှာဖွေဖို့ လိုအပ်သလို လူမှုအသိုင်းအဝိုင်း နှစ်ဘက်စလုံး ပြန်ပြီး ဆက်ဆံလို့ရအောင် တိုက်တွန်းမှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း မစ္စတာ ကိုဖီအာနန် က ဘီဘီစီ ကို ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို အချိန်ပေးဖို့လိုသလို စိတ်ရှည်သည်းခံဖို့လည်း လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်း အဓမ္မပြုကျင့်မှုတွေ ရှိတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က အခုလို ပြောပါတယ်။

“အဲဒီဒေသထဲကို ကျနော်တို့ သွားခဲ့တယ်။ ပဋိပက္ခအပြီးမှာ ကျနော်တို့ရောက်သွားတာပါ။ ရောက်သွားတဲ့အခါမှာ လောလောဆယ်ဆယ် ပဋိပက္ခဖြစ်နေတာမရှိဘူး။ မီးလောင်ထားတဲ့ အိမ်တွေကို တွေ့ခဲ့တယ်၊ မုဒိမ်းကျင့်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးမယ်ဆိုရင်တော့ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကျနော်တို့ စုံစမ်းစစ်ဆေးဖို့ သွားတာမဟုတ်ပါဘူး။ တတ်ကျွမ်းနားလည်သူတွေက စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ရတဲ့အထဲမှာ ဒါတွေမပါဘူး။ ဒါကြောင့်မပြောနိုင်ပါဘူး။”

မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့လည်း မနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ ဘူးသီတောင် ဒေသတွင်းမှာရှိတဲ့ ရဲစခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေ စတင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ပြန်လည်ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းမှာရှိ ရခိုင်တိုင်းရင်းသားတွေ တခြားမြို့တွေဆီကို တွက်ပြေး တိမ်းရှောင်ခဲ့ကြရသလို၊ ရိုဟင်ဂျာ မူဆလင် ထောင်နဲ့ချီ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက် ဖြတ်ကျော် ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG