သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ဝင်ငွေခွန်ရှောင်မှု လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အောင်မြင်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် အခွန်ရုံးမှာ အခွန်ဆောင်ဖို့ စောင့်နေသူများ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် အခွန်ရုံးမှာ အခွန်ဆောင်ဖို့ စောင့်နေသူများ

အင်ဒိုနီးရှားဟာ လူဦးရေ သန်းပေါင်း ၂၆၀ ရှိတဲ့ ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေအများဆုံး တိုင်းပြည်တခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ကသာ အခွန်ပေးဆောင်ဖို့အတွက် မှတ်ပုံတင်ထားကြပြီး အဲဒီအထဲကမှ လူပေါင်း ၁ သန်းလောက်သာ တကယ် အခွန်ပေးဆောင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ကြီးမားလာနေတဲ့ ဘဏ္ဍာရေးလိုငွေပြမှုအတွက် ဧရာမ ပြဿနာကြီးုဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ အစိုးရက ရည်မှန်းချက်ကြီးစွာ လုပ်ဆောင်လိုတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်တွေ ရပ်တန့်နေတာ ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝမှုတွေကို ပြည်ပမှာ ရွေ့ပြောင်းထားကြတဲ့ အင်ဒိုနီးရှား လူမျိုးတွေထံက အခွန်တွေ ရနိုင်ရေးအတွက် ရည်ရွယ်ပြီး အစိုးရက အခွန်ရှောင်ခဲ့သူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ၂၀၁၆ ခုနှစ် နွေရာသီတုန်းက စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ စမ်းသပ် လုပ်ဆောင်တဲ့ အစိုးရရဲ့ အစီအစဉ်ကို OECD လို့ခေါ်တဲ့ စီးပွားရေးတိုးတက်ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ IWMF - နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းနဲ့ တိုင်းပြည်အတွင်းက အလုပ်သမား သမဂ္ဂတွေက ဝေဖန် ခဲ့ကြပါတယ်။ အဲဒီလို ဝေဖန် ပြောဆိုမှုတွေ ရှိနေတဲ့ကြားကပဲ စမ်းသပ် ၉ လတာကာလ သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ မူလက ခန့်မှန်းထားတာထက် ကျော်လွန်ပြီး ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၃၃၀ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ဒီစမ်းသပ်ကာလ သက်တမ်းပြည့်သွားရင် ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို ဘာလုပ်မလဲဆိုတဲ့ ကြီးမားတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ တိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက်လာတဲ့ ပိုင်ဆိုင်မှုတွေကို ကိုင်တွယ် ဖြေရှင်းမယ့် လုပ်ငန်းအဖွဲ့ကို ဘဏ္ဍာရေးဝန်ကြီး Sri Mulyani က ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့အနေနဲ့ နောက်ဆုံး ရရှိတဲ့ ကိန်းဂဏန်းတွေ ထွက်လာပြီးတော့မှသာ လုပ်ငန်းတွေကို စတင် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမား လူတန်းစားတွေကို ထိခိုက် နစ်နာစေတဲ့ ဒီ အခွန် ကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်ဟာ အခွန်ရှောင်ခဲ့သူတွေကို အလွယ်တကူ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေအပေါ် အစိုးရအနေနဲ့ တုန့်ပြန် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG