သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး အင်ဒိုနီးရှားမှာ ကန့်ကွက်ဆန္ဒပြ


အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာက မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ။ (နိုဝင်ဘာ ၂၄၊ ၂၀၁၆)
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာက မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ။ (နိုဝင်ဘာ ၂၄၊ ၂၀၁၆)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း အစိုးရရဲ့ ကိုင်တွယ်ပုံ အပေါ်မှာ ဒေသတွင်း မူဆလင် နိုင်ငံတွေရဲ့ ကန့်ကွက်မှုတချို့ ရှိနေပါတယ်။ ဒီကနေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မလေးရှား အားကစား ဝန်ကြီးကလည်း ရခိုင်အရေးကို အကြောင်းပြပြီး ဆူဇူကီး ဖလား ဘောလုံးပွဲကနေ မလေးရှား အသင်း နုတ်ထွက်ဖို့ ကြိုးပမ်းမယ်လို့ မနေ့က သတင်းစာ ရှင်းလင်း ပြောဆို ခဲ့တာပါ။ အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ မြန်မာနိုင်ငံ ဘောလုံး အသင်းချုပ် ကတော့ အားကစားနဲ့ နိုင်ငံရေး မရောယှက်ဘူးလို့ ခိုင်ခိုင်မာမာ ပြောဆိုပြီး လာမယ့် စနေနေ့ မြန်မာ အသင်းနဲ့ မလေးရှား အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ်လို့ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

ရခိုင်ပြည်နယ်တွင်းက မူဆလင် အများစု နေထိုင်ရာ မောင်တော ဒေသတွင်း လုံခြုံရေး စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် မြန်မာ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေ အပေါ် ဒေသတွင်း မူဆလင် နိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတာပါ။ ဒီကနေ့မှာတော့ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာက မြန်မာသံရုံးရှေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ကြသူတွေက နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြန်မာ သံရုံး ပထမ အတွင်းဝန် ဒေါ်ဝင်းဝင်းခိုင်ထွန်းက ဆန္ဒပြပွဲ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကို ဗွီအိုအေကို အခုလို ပြောပါတယ်။

" Save ရိုဟင်ဂျာလို့ ပြောပြီး ပိုစတာတွေ သူတို့ထောင်ထားတယ်။ ထောင် ထားပြီးတော့ သူတို့ဘာသာစကားနဲ့ အချင်းချင်းပြော ပြီးတဲ့အခါကျတော့ စာတမ်းဖတ်၊ ပြီးတော့ ပန်းခွေတွေ သံရုံးရှေ့တံခါးမှာ ချ။ ချပြီးတော့ သူတို့က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံးရပ်တန့်ဖို့အတွက် ဆန္ဒပြတယ် ဆိုပြီး ပြောတာပေါ့နော်။ ပြီးတဲ့အခါကျတော့ သူတို့ရဲ့ Statement Letter ပေါ့ အဲ့တာမျိုး မလုပ်ဖို့ ရပ်တန့်ဖို့ပေါ့။ Statement Letter ပေးတော့ သံရုံးက တယောက်ကနေပြီးတော့ သွားယူလိုက်တယ်။ ယူပြီးတော့ အခါကျတော့ ပြီးသွားရောပေါ့။ မနက်ကကျတော့ ၁၀နာရီလောက်မှာ ပြီးသွားပြီး ၁၀နာရီ ၂၀ လောက်မှာ ပြန်သွားရော။ လူကတော့ ၅၀ လောက်ရှိတာပေါ့နော်။

နောက်နေ့လည်ကျတော့ ၂၂ယောက်။ ရပ်ကွက်လုံခြုံရေးရဲရယ် နောက် သံတမန်လုံခြုံရေးရဲရယ် နောက် အဓိကရုဏ်းနှိမ်နှင်းရေးရဲရယ် စုစုပေါင်း ၃၃၅ ယောက် နောက် အဓိကရုဏ်းနှိမ်နှင်းတဲ့ရဲကားတစီး ဒီမှာ စောင့်ပေးတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးသတိပြုဖို့ပဲ မှာကြားထားပါတယ်။ ရုံးပိတ်ဖို့တွေ ဘာတွေတော့ မမှာထားဘူး။"

အင်ဒိုနီးရှား နိုင်ငံဘက်က လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ပေးထားပြီး ဆန္ဒပြသူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ် လို့လည်း မြန်မာသံရုံး က ပြောပါတယ်။

မနေ့တုန်းကတော့ မလေးရှား အားကစားဝန်ကြီးက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ရည်ညွှန်းပြီး လက်ရှိ မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်နေတဲ့ ဆူဇူကီး ဖလား အာဆီယံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲ ကနေ မလေးရှား အသင်းကို နုတ်ထွက်ဖို့ ကြိုးစားနေတယ်၊ အစိုးရကို တင်ပြသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကတော့ မလေးရှား ဘောလုံးအဖွဲ့ချုပ် ဘက်က ဒီကိစ္စကို တလုံးတပါဒမှ မပြောသလို ပွဲစဉ်တွေ အပြောင်းအလဲလည်း မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ အားကစားမှာ နိုင်ငံရေး မရောယှက်ဘူးလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်ကတော့ အခုလို ပြောပါတယ်။

" တကယ်တမ်းပြောရရင် သူများတွေ Presser ပေးလည်း မလေးရှား လက်ရွေးစင် အသင်းက ပြိုင်ပွဲက နှုတ်ထွက်မှာ မဟုတ်ဘူး။ ပြိုင်ပွဲက နှုတ်ထွက်ရင် သူတို့အတွက် အများကြီး ဒဏ်ကြေးတွေလည်း ထိမယ်။ နိုင်ငံတကာလည်း အပိတ်ခံရမယ်။ နောက်တခုက ကျနော်တို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အစိုးရနဲ့ပဲဖြစ်ဖြစ် တခြားပဲဖြစ်ဖြစ် နှီးနွယ်ပတ်သက်တဲ့ဟာတွေဆို ပြင်းပြင်းထန်ထန် အရေးယူတယ်။ ပြီးခဲ့တုန်းကလည်း အင်ဒိုနီးရှား နှစ်နှစ် Ban ခံထားရတယ်။ နောက် ဆော်ဒီအာရေဗျလည်း Ban ခံထားရတယ်။ သူတို့ အဖြစ်ခံမှာမဟုတ်ပါဘူး။"

မြန်မာနဲ့ မလေးရှားတို့ နိုဝင်ဘာလ ၂၆ ရက် စနေနေ့မှာ ကစားရမယ့်ပွဲ ကတော့ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ အဆုံးအဖြတ်ပွဲပါ။ ဘောလုံးပွဲနဲ့ ပတ်သက်လာရင် အတော်လေး အလွဲအမှား မခံတဲ့ မြန်မာ ဘောလုံးပွဲကြည့် ပရိသတ် အခြေအနေကိုလည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က အခုလို ပြောပါတယ်။

" ပရိတ်သတ်က အရမ်းကောင်းတယ်။ ဟိုးတုန်းက ပရိတ်သတ်တွေနဲ့ မတူတော့ဘူး။ ကျနော်တို့ ဒီမှာ Fan Group တွေရော၊ ပညာပေးအစီအစဉ်တွေရော စည်းရုံးတဲ့ အစီအစဉ်တွေရော သူတို့ကို အများကြီး လှုံ့ဆော်နေတာပဲ။ ဆိုတော့ ပရိတ်သတ်က အရမ်းကြီးယဉ်ကျေးသွားပြီ။ ပရိတ်သတ်က ဘာမှ ပြသနာ တစုံတရာမရှိဘူး။ ဗီယက်နမ်ကို ကျနော်တို့ ရှုံးတုန်းကတောင်မှ ဘာမှမဖြစ်ဘူး။ ၂း၁ နဲ့ ရှုံးတုန်းက။ ဘာမှမဖြစ်ဘူးဆိုတော့ ပရိတ်သတ်က အခြေအနေကောင်းပါတယ်။ မြန်မာအသင်းကို ဒီလို တခဲနက်အားပေးကြတာလေ။

စနေနေ့မှာ ကစားကြမယ့် မြန်မာနဲ့ မလေးရှား အသင်းတို့ပွဲမှာတော့ မြန်မာ အသင်းအနေနဲ့ သရေ ကစားနိုင်ရင်တောင်မှ ဆီမီးဖိုင်နယ်အဆင့် တက်ရမှာဖြစ်ပေမယ့် ဦးစိုးမိုးကျော်ကတော့ ပေါ့ဆလို့ မရဘဲ စုစုစည်းစည်း ကစားရမှ လိုချင်တဲ့ ပန်းတိုင် ရောက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG