သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုရှိနေဆဲ ရခိုင်ပြည်အတွက် လုံခြုံရေးမြှင့်ဖို့လို


ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေ ဒေသခံများ နဲ့တွေ့ဆုံ ( 15 Nov 2016 )
ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေ ဒေသခံများ နဲ့တွေ့ဆုံ ( 15 Nov 2016 )

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးက အခုအချိန်အထိ စိုးရိမ် စရာ အနေအထား ဖြစ်နေလို့ ဒီဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကို အထူးတင်းကျပ်ထား တာသာ ဖြစ်တယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် တဦးက ပြောဆိုလိုက်ပါ တယ်။ သီတင်းခြောက်ပတ်လောက် အဝင်အထွက် ပိတ် ထားတာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ်ယမ်ဟီးလီးက ကြေညာချက်ထုတ်ပြန်ချိန်မှာ အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စဖြစ်ချိန်က စလို့ အခုအချိန်ထိ တိုက် ခိုက် မှုတွေ ရှိနေသေးတဲ့အတွက် ဒီဒေသမှာ ညမထွက်ရ အမိန့်ကိုလည်း ယခင်သတ်မှတ်ထားတဲ့ အချိန်ထက် အချိန်ပိုတိုး ထုတ်ပြန်ထား တာပါ။ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး နယ်မြေရှင်းလင်းရာမှာ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ရှိနေတယ်ဆိုပြီးလည်း ဝေဖန်မှုတွေနဲ့ သတင်းတွေ ထွက်ပေါ်နေ တာပါ။ ဒေသရဲ့လုံခြုံရေးကို အထူး စိုးရိမ်ကြတဲ့ ဒေသခံပြည်သူ အများ အပြားလည်း မောင်တောနဲ့ ဘူးသီးတောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

မောင်တောဒေသ တဝိုက်မှာ သီတင်း ၆ ပတ်ကြာ အာဏာပိုင်တွေရဲ့ အဝင်အထွက် ပိတ်ပင် တားမြစ်မှုကို နိုင်ငံတကာက ဝေဖန်ထားပြီး၊ ဆိုးရွားလာနေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းပါလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ် ယန်ဟီးလီက မနေ့ နိုဝင် ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြီးတော့ သူက ဒီလို သီတင်း ၆ ပတ်လောက် အဝင်အထွက် လုံး၀ ပိတ်ပင်ထား တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောထားပါတယ်။

ဒါပေမဲ့လည်း အစိုးရတာဝန်ရှိသူတွေဘက်ကတော့ လုံခြုံရေးအခြေအနေက စိုးရိမ် စရာ အနေအထားဖြစ်နေလို့ စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး ဒေသတွင်း လုံခြုံရေးကို အထူးတင်းကျပ် ထားတာသာဖြစ် တယ်လို့ ပြောထားတာပါ။ ရခိုင်ပြည် နယ်တွင်း ကော်မရှင်အဖွဲ့ ကွင်းဆင်းချိန်မှာတောင် လုံခြုံရေးဟာ စိုးရိမ်စရာ အနေ အထားမှာ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ရခိုင်အမျိုးသမီး အဖွဲ့နဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ဒေါ်စောခင်တင့်က အခုလိုပြောပါတယ်။

“အန်တီတို့အနေနဲ့ကတော့ မောင်တောကို သွားချင်တယ်ဆိုပေမယ့် သွားပြီးတော့ ရိက္ခာ အကူအညီပေးတဲ့ တပ်တွေတောင် ၊ အဖွဲ့တွေတောင်မှ သွားလို့မရအောင် လုံခြုံရေးအပိုင်းမှာ စိတ်မချရဘူးပေါ့နော်။ ဘာဖြစ်လို့ စိတ်မချရဘူးဆိုလို့ရှိရင် အကြမ်းဖက် ဘင်္ဂလီတွေက တပ်မတော်တွေ၊ ရဲတွေကို အချိန်မရွေး ambush လုပ်နေတယ်။ ဒါကြောင့်မို့လို့ သွားပြီးတော့ ရိက္ခာဝေတဲ့ သူတွေတောင်မှ သူတို့မှာ အခက်အခဲရှိတယ်။ အဲဒီလို လုံခြုံရေး အခက်အခဲဖြစ်နေတဲ့ ကြားမှာ ကျမတို့ဟာ သွားဖို့မသင့်ဘူး ဆိုပြီးတော့ မသွားတာပါ။ ဒါဟာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက် ပါ။ အကုန်လုံးကို အခက်အခဲဖြစ်အောင် လုပ်နေတာက တဘက်က အကြမ်းဖက် သမားတွေရဲ့လုပ်ရပ်ကြောင့် ဒီဟာတွေ ဆက်ပြီးတော့ ဖြစ်နေရတာပါ။ အဲဒီတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ မဟုတ်ပါဘူး၊ ကျမတို့ဟာ၊ ဒေသခံ ရခိုင် တွေဟာ အေးအေးချမ်းချမ်းမနေနိုင်အောင်၊ နိုင်ငံတော် အစိုးရဘက်က လည်း အေးအေးချမ်းချမ်း လုပ်နေတဲ့ကိစ္စကို မလုပ်နိုင်အောင် တဘက်က အကြမ်းဖက် သမားတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲလို့ ကျမကတော့ ဒီလိုပဲ မြင်ကြည့် ပါတယ်။ အဲဒီလို သွားလာခွင့် မရအောင် အခြေအနေဆိုးနေ တဲ့အတွက်ကြောင့်မို့ အာဏာပိုင်တွေက သွားခွင့်မရတာပါ။”

ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ဒေသတွင်းဖြစ်စဉ် အခြေအနေတွေ ကို လေ့လာခဲ့ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးပြေ လည်အောင်ဖြေ ရှင်းပေးဖို့ ကော်မရှင်အနေနဲ့ အလေးထား ဆောင်ရွက်နေပါတယ်လို့ အကြံပေးေ ကာ်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကပြောပါတယ်။

“ကျမက ပြောချင်တာက ကျမတို့ကော်မရှင် အပါအဝင် အစိုးရ ကိုယ်တိုင်ရော ဒေသခံ ပြည်သူ လူထုတွေရော တကယ့်ကို တည်ငြိမ်အေးချမ်းအောင် အကုန်လုံးက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နေ တဲ့အခါမှာ International Community အနေနဲ့ ဒီနေ့အစိုးရတွေနဲ့ မြေပြင်အခြေအနေကို အမှန်အတိုင်း တင်ပြတာကို အမှန်အတိုင်း ရှုမြင်ပေးပါ၊ ဒီလိုမှ မဟုတ်ရင် ကျမတို့ကို ပိုပြီးတော့ ဆိုးဝါးအောင် လုပ်ချင်နေတာလား၊ ကောင်းအောင် လုပ်ချင်နေတာလား- ဒါလေးကိုတော့ စဉ်းစားဝေဖန် စေချင်ပါတယ်။”

နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ရခိုင်ခရီးစဉ် အတွင်း ကော်မရှင်အဖွဲ့ တချို့ဖြစ်တဲ့ နယ်သာလန် အမျိုးသမီး သံအမတ်ဟောင်း ဦးဆောင်ပြီး ဒေါ်စောခင်တင့် အပါအဝင်မြန်မာအဖွဲ့ဝင် ၆ ဦးတို့ သွားရောက် ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း လုံခြုံရေးစိုးရိမ်ရလို့ မောင်တောနဲ့ ဘူးသီးတောင်ဘက် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံပြည် သူတွေကို စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေကို လိုက်ပြီးတော့ အကူအညီပေးနေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကလည်း ဒေသတွင်းလုံခြုံရေးဟာ စိုးရိမ်စရာ အနေ အထားမှာ ရှိနေဆဲလို့ပြောပါတယ်။

လုံခြုံရေးတာဝန်ယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေတောင် အသက်ဆုံးရှုံးနေ ရတဲ့ အနေအထားကြောင့် နယ်မြေလုံခြုံရေး ပိုပြီးတော့ တင်းကျပ်ထား တာသာ ဖြစ်နိုင်တယ် လို့လည်း သူကပြောပါတယ်။


“အခုအချိန်မှာ အရေးတကြီးပြဿနာဖြစ်နေတဲ့၊ အန္တရာယ်ဖြစ်နေတဲ့အချိန်မှာ သူတို့ပြော လိုက်တဲ့အခါမှာ သူတို့ရဲ့ အသက်အန္တရာယ်ကို မကာကွယ်ပေးဘူးဆိုရင် ကျမတို့ မြန်မာနိုင်ငံ အနေနဲ့ကလည်း တဘက်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပြဿ နာ တစုံတခုဖြစ်ရင် ကမ္ဘာမှာ ဖြေရှင်းလို့မရတဲ့ပြဿ နာတွေ ဖြစ်သွားနိုင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားဥပဒေစိုးမိုးရေး အပေါ် အခြေ ခံပြီး ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က မကြာသေးခင်က ပြောဆိထားပေမဲ့ - လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ေ ဆာင်တာ မတွေ့ရ သေးဘူးလို့လည်း မစ် ယန်ဟီးလီ က မနေ့ကြေညာ ချက်မှာ ပြောဆိုထား တာပါ။ ဒီအခြေအနေတွေကို အမြန်ဆုံးဖြေရှင်းဖို့ အရေးပေါ် ကိုင်တွယ် ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးကလည်း မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရခိုင် ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာကွယ်ပေးဖို့ တောင်း ဆိုခဲ့ တဲ့ အကြောင်း - ကုလသမဂ္ဂရုံးက ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG