သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေးစုံစမ်းဖို့ နိုင်ငံတကာသံတမန်တွေ ရခိုင်ရောက်ရှိ


မောင်တောအရေးစုံစမ်းဖို့ နိုင်ငံတကာသံတမန်တွေ ရခိုင်ရောက်ရှိ
မောင်တောအရေးစုံစမ်းဖို့ နိုင်ငံတကာသံတမန်တွေ ရခိုင်ရောက်ရှိ

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာသံတမန်အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မောင်တောနဲ့ ဘူးသီးတောင်ဒေသက အခြေအနေတွေ ကို လေ့လာစုံစမ်းဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေ ပါတယ်။ မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းစဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ပြောဆိုခဲ့အပြီးမှာ နိုင်ငံတကာ သံတမန်အဖွဲ့တွေ သွားရောက်တာ လည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အောက်တိုလာလ ၉ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းချိန်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြခဲ့သလို သတင်းမီဒီယာတွေမှာလည်း ဥပဒေမဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာနဲ့ အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်လာချိန်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှုးနဲ့ သံတမန်တွေ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာနေပြီ ဖြစ်ကြောင်း ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

“ UN က ညှိနှိုင်းရေးမှူး နောက် သံအမတ်တွေပေ့ါ မောင်တောမြို့နယ် ထဲမှာ ပြဿနာတွေကြုံခဲ့တဲ့နေရာတွေမှာ အဲဒီနေရာတွေကို အဓိကသွားကြတယ်ခင်ဗျ။ အကြမ်းဖက်မှုတွေ လုပ်သွားတဲ့နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာတို့ မရှိတာတို့ သူတို့ ကြည့်ချင်တဲ့ ဆန္ဒရှိတယ်ထင်တယ်။ အဲဒါတွေကို သူတို့ကို လိုက်ပြတာပါ။”

နိုင်ငံတကာသံတမန်အဖွဲ့မှာ တရုတ်၊ အီဂျစ်၊ အီးယူ၊ အိန္ဒိယ၊ ထိုင်း၊ တူရကီ၊ အမေရိကန်နဲ့ ဗြိတန်သံအမတ်တွေ ပါဝင်ပြီး စစ်တွေမြို့ကနေ ဒီကနေ့ မောင်တောကို တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့သလို မနက်ဖြန်လည်း ပဋိပက္ခဖြစ်ပွားရာ တခြားဒေသတွေကို ထပ်မံသွားရောက်စုံစမ်းမှာ ဖြစ်ပါတယ်။

ဒီကနေ့ ခရီးစဉ်မှာ သံတမန်အဖွဲ့ရဲ့ လေ့လာစုံစမ်းတာတွေ ကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဦးမင်းအောင်က ပြောပါတယ်။

“ဒီအဖွဲ့ကို ဦးဆောင်ပြီးတော့ လာခဲ့တာက နယ်စပ်ရေးရာ ဝန်ကြီးအဖွဲ့ပေါ့နော်။ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့သွားရောက်ပြီးတော့ ရှင်းလင်းပြသနေတာဖြစ်တယ်လေ။ ပြည်နယ်အစိုးရအဖွဲ့အစည်းအနေနဲ့ကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် လိုက်ပါကူညီပြသနေတာပေါ့”

သံတမန်အဖွဲ့နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့က နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်တင့်နဲ့ တခြား တာဝန်ရှိသူတွေလိုက်ပါခဲ့သလို ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာပါ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးစုံစမ်းဖော်ထုတ်ဖို့ ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းခဲ့တာပါ။

အောက်တိုဘာလ ၃၁ရက်နေ့ကတော့ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ရွာ ၃ရွာမှာ မီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးတာတွေကို လက်ခံဖို့ တောင်းဆိုခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ ကလည်း နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ကို တောင်းဆိုခဲ့ပါတယ်။

အခုချိန်ထိတော့ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်းနဲ့ ဖမ်းဆီးထား သူတွေကို ဒေသတွင်း က ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ပြစ်မှုဆိုင်ရာ စွဲချက်တွေနဲ့အညီ အရေးယူ သွားမှာဖြစ်ကြောင်း ရခိုင်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG