သုံးရလွယ်ကူစေသည့် Link များ

မောင်တောတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီသူ ၆၀ ကျော်ရှိ


မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး လုံခြံရေးယူနေစဉ်
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး လုံခြံရေးယူနေစဉ်

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၆၀ ကျော် ရှိသွားပြီလို့ ရခိုင် ပြည်နယ် အစိုးရက ပြောဆိုပါတယ်။ ဖမ်းဆီးထားသူတွေကို ဒေသတွင်းက ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့လည်း ရခိုင် ပြည်နယ် အစိုးရက ပြောပါတယ်။ မောင်တော ဒေသတွင်း လုံခြုံရေး နောက်ဆုံးရ အခြေအနေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ ၆၀ ကျော် ရှိနေပြီး ဒီလူတွေကို ဒေသတွင်း ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ရခိုင် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“၆၀ ကျော်လောက်တော့ရှိပြီထင်တယ်။ သူတို့ကတော့ ကျနော်တို့ရဲ့ တည်ဆဲဥပဒေအရဆိုရင် လူသတ်မှုပေါ့၊ လူသတ်မှုမှာ ပါဝင်တဲ့ ကြိးပမ်းမှု၊ လက်နက်တိုက်ယူမှုတွေပေါ့ နောက်ပြီးလက်နက်ဖောက်ထွင်းတဲ့နေရာမှာ ပါဝင်မှုတွေ ဒီဥပဒေတွေ ရာဇသတ်ကြီးနဲ့ အရေးယူတာပါ။ Torture တွေလုပ်တာတွေမရှိပါဘူး။ သူတို့ ရဲစခန်းတွေမှာရှိပါတယ် သူတို့သက်ဆိုင်ရာနယ်မြေ ၊ ရဲစခန်းတွေမှာ ရှိပါတယ်။ ကျနော်တို့ ဆုံးရှုံးသွားတဲ့လက်နက်တွေက ၁ လက်စ၊ ၂ လက်စ ပြန်ရနေတာပေါ့နော်။ အခုတော့ အတိအကျကတော့ မသိဘူး။ ၅၀- ၄၀ ကျော်တော့ ကျန်မှာပေါ့နော် ပြန်ရဖို့က။ ဒီလက်နက်တွေ အားလုံးကို ပြန်မရမချင်း ကျနော်တို့ကတော့ ဖော်ထုတ်ရမှာပဲ ။ ဒီလက်နက်တွေနဲ့ လက်နက်အမှုတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေအတူ ၊ လူသတ်မှုမှာ ပါဝင်တဲ့လူတွေအားလုံးကိုလည်း ဒါကျနော်တို့က ဥပဒေကြောင်းအရ အရေးယူဖို့ ဆက်လက်ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ သူ့အချိန်တော့ရှိမှာပဲ ရာဇသတ်ကြီး လုပ်ထုံးလုပ်နည်း အတိုင်းပဲ သွားကြမှာပေါ့နော်။ တရားစီရင်ရေးအရဆောင်ရွက်တာပေါ့နော် ရာဇသတ်ကြီးနဲ့ တရားဆွဲတယ် အမှုဖွင့်ပြီးတော့ တရားဆွဲတာပေါ့နော်။ တရားဆွဲပြီးရင်တော့ တရားရုံး လုပ်ထုံးလုပ်နည်းနဲ့ အရေးယူသွားမှာဖြစ်ပါတယ်။”

မောင်တောဒေသတွင်း အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာဘဲ သံသယမှုနဲ့ နူရ်အာလောင် ခေါ် အာဒူကော်ရိန်ကို ဘူးသီးတောင်မြို့မှာ ဖမ်းဆီးခဲ့သလို တခြား လူ ၂ ဦးကိုလည်း ဖမ်းဆီးခဲ့တဲ့ အကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပါတယ်။ ဖမ်းဆီးထားသူတွေကို တရားစီရင်တာမှာလည်း ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်မယ်လို့ ရခိုင် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ကုလသမဂ္ဂက မနက်ဖြန်မှ ရောက်လာမှာမဟုတ်ဘူး။ ကုလသမဂ္ဂက နဂိုကတည်းက ရှိပြီးသားဖြစ်တယ် ဒီမှာလေ။ ဘာဖြစ်လို့လဲဆိုတော့ စဖြစ်ကတည်းကိုက သူတို့ကို ကျနော်တို့က အသေးစိတ်ရှင်းပြထားပြီးသားဖြစ်တယ်။ ခုနလို ပွင့်လင်းမြင်သာမှုရှိဖို့က ဒါကို တရားရုံးမှာ ကျနော်တို့က တရားစီရင်မှာ ဖြစ်တဲ့အတွက် တရားခွင်ကတော့ ခုနကပြောတဲ့ သူ့ခွင့်ပြုချက်အတိုင်းပဲပေါ့နော် ဒါအကုန်လုံး ပွင့်လင်းမြင်သာမှုရှိမှာပါ ဒီဟာက။”

အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး စိုးရိမ်ချက်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူ ရခိုင်ဒေသခံ ၃ ထောင်ကျော်တို့ထဲက အများစုကတော့ နေရပ်ရင်းတွေကို ပြန်နိုင်ကြပြီ ဖြစ်ပါတယ်။

“သူတို့ စိတ်ချလို့ ပြန်တာပေါ့နော်။ စိတ်မချဘူးဆိုရင် သူတို့ဘယ်ပြန်ရဲမလဲ ကျနေ်ာတို့က တားထားလို့လည်းမရဘူး။ ဒီမိသားစုတွေအားလုံးက ကိုယ့်နေရပ်ရွာတွေမှာ ပြန်မယ် ၊ ကိုယ့်အလုပ်တွေပြန်လုပ်ကြမယ်။ နောက်တခါ ကလေးတွေကျောင်းတက်ကြမယ်။ စသဖြင့် အားလုံးက ကိုယ့်ရပ်ရွာကိုကိုယ်ပြန်ကြမှာပါ။ ပြန်တယ်ဆိုတာလည်း ခုနလိုပေါ့ သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချမူရှိလို့ပြန်တာ။ ကျနော်တို့ ဘက်ကတော့ လုံခြုံရေးအနေနဲ့ ရဲကင်းပေါ့နော် ခုနကပြောသလို ၂၅ ကင်းလောက်ကို ထပ်ပြီးတိုးချဲ့ပြီးတော့ ကျေးရွာတွေမှာ ချထားပေးပါတယ်။ နောက်တခါ လုံခြုံရေးနဲ့ ပတ်သက်လို့ လှည့်ကင်းတွေကိုလည်း ကျေးရွာတွေမှာ လုံခြုံရေးတွေ ဆောင်ရွက်ပေးထားပါတယ်။”

အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောဒေသတွင်းမှာ စားနပ်ရိက္ခာ လုံခြုံမှု ရှိသလို လုံခြုံရေးကိုလည်း တိုးမြှင့် ဆောင်ရွက်နေတယ်လို့ ရခိုင် အစိုးရက ပြောပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း လူသားချင်း စာနာကူညီမှုဆိုင်ရာ အထောက်အကူ ပေးသူတွေ မောင်တော ဒေသတွင်း သွားရောက်ခွင့် မရ ဖြစ်နေပေမယ့် ဒီရက်ပိုင်း အတွင်းမှာဘဲ ကုလ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ မောင်တောမြို့နယ်တွင်းကို သွားရောက်ဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG