သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောစခန်းစီးနင်းသူတွေ ပါကစ္စတန်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Aqa Mul Mujahideen အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့အစည်းဖြစ်သလို ထိထိမိမိ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

Aqa Mul Mujahideen အဖွဲ့ဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းမီဒီယာတွေမှာလည်း အထောက်အထားတွေနဲ့တကွ ရေးသား ဖော်ပြထားကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ကင်းစခန်းတွေကို အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ လူသိနည်း ရိုဟင်ဂျာ အကြမ်းဖက်အုပ်စု Aqa Mul Mujahideen အဖွဲ့ဟာ Hafiz Saeed ခေါင်းဆောင်တဲ့ ပါကစ္စတန် အခြေစိုက် Lashkar-e-Taiba အဖွဲ့နဲ့ သာမက Jammu နဲ့ Kashmir နယ်က (JeM) လို့ခေါ်တဲ့ Jaish-e-Mohammed အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတာကို - ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ Jammu နဲ့ Kashmir က ပါကစ္စတန်လိုလားတဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိ - ဆိုတဲ့ ခေါင်းစဉ်နဲ့ အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။

Aqa Mul Mujahideen အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ပါကစ္စတန်မှာ သင်တန်းတက်ပြီးတဲ့နောက် ရခိုင်ဘက်က ရိုဟင်ဂျာလူငယ်တွေကို ခေါ်ယူ လေ့ကျင့်ပေးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

အရင်က လူသိမများတဲ့ ဒီ Aqa Mul Mujahideen အဖွဲ့က အခုလို မြန်မာ နယ်ခြားစောင့် ကင်းစခန်းတွေကို တိုက်ခိုက်တာဟာ အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ နေထိုင်ခဲ့တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ကျနော် အိန္ဒိယမှာ နေခဲ့တဲ့ ကာလအတွင်းမှာ အိန္ဒိယလုံခြုံရေးအေဂျင်စီလို့ခေါ်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ကျနော် အဆက်စပ်ရှိတော့ကာ သူတို့လည်း သတင်းကို တော်တော်ကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်ကြီးကို သိတဲ့ အေဂျင်စီတွေဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ကျနော် ဆွေးနွေးချင်တာက ဒီသတင်းဟာ တော်တော်လေး အားကိုးရတဲ့ သတင်းတခုဖြစ်တယ်လု့ိ ပြောလိုပါတယ်။ အဲဒီမှာ ကျနော်တို့ ရိုဟင်ဂျာအုပ်စုလို့ခေါ်တဲ့ Aqa Mul Mujahideen ကို အိန္ဒိယကတောင် သိပ်မသိသေးတဲ့ အနေအထား၊ အခုမှ သူတို့ သိလာရတယ်ပေါ့။ ပါကစ္စတန်ကို အမှီပြုတဲ့ အားကိုးပြုတဲ့ အဖွဲ့အစည်းတွေပေါ့နော် (JeM) တို့၊ (LeT) တို့ ဆိုတဲ့အဖွဲ့တွေပေါ့။ ဒီအဖွဲ့တွေနဲ့ အသစ်ဖြစ်လာတဲ့ Aqa Mul Mujahideen ရခိုင်ဒေသက ရိုဟင်ဂျာအဖွဲ့က အဆက်စပ်ရှိတဲ့အပြင် အဲဒီအဖွဲ့ထဲက ခေါင်းဆောင်တယောက်ဆိုရင် (LeT) အဖွဲ့က ခေါင်းဆောင်တယောက်နဲ့ စင်ပေါ်တောင် အတူ စကားပြောတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေလည်း ရှိတယ်။ ဆိုတော့ကာ ကျနော်တို့ ပြောရရင် ဒီအကြမ်းဖက်မှုဟာ မသေးဘူး အန္တရာယ်ကြီးတယ်၊ ထိထိမိမိနဲ့ ကျကျနန ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။”

မောင်တောတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူဟာ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်သင်တန်း တက်ခဲ့သူဖြစ်ကြောင်း စုံစမ်း သိရှိရတယ်လို့ မြန်မာ နိုင်ငံတော်သမ္မတရုံးကလည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယ သတင်းမီဒီယာတွေက မေးမြန်းတာမှာ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တခြား နိုင်ငံတွေက အကြမ်းဖက် အဖွဲ့အစည်းတွေထံက ငွေကြေး အထောက်အပံ့တွေ ရရှိနေတယ်လို့ သတင်းရထားကြောင်း၊ ဒါပေမဲ့ အဲဒီအချက်ကို အတည်ပြုလို့ မရနိုင်သေးကြောင်း ဖြေကြားခဲ့ပါတယ်။

ဒေသတွင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေအတွင်းမှာ မူဆလင် အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိပေမဲ့ အောက်တိုဘာလက ၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့ အိန္ဒိယလို အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အတွေ့အကြုံရှိပြီးသား နိုင်ငံတွေနဲ့ ဒီကိစ္စကို ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“အဲတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အထောက်အကူယူဖို့ကတော့ ဒီကနေ့ အသင့်ဆုံးဟာ အိန္ဒိယနိုင်ငံလို့ ကျနော် ယူဆပါတယ်။ ဒုတိယတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်ပါတယ်။ ပါကစ္စတန်ကနေ မြန်မာပြည်ကိုလာရင် အိန္ဒိယကို ဖြတ်ရပါတယ်။ ဒါကြောင့် အရင် ကျနော် ရှိစဉ်ကတည်းက ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာနာမည်နဲ့ဝင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲတော့ ဗုဒ္ဓဂါယာမှာ ဗုံးခွဲမှုနောက်ပိုင်းမှာ အိန္ဒိယက ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံနဲ့ ရခိုင်မြောက်ပိုင်းဒေသကို အာရုံစိုက်လာကြတယ်။ အဲတော့ အဲဒီဒုက္ခသည် UNHCR ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးဆီက လက်မှတ်ရတဲ့လူတွေကိုယ်၌က ကျနော်တို့ အများစုနေတဲ့ ဒေလီမှာမဟုတ်ဘဲနဲ့ အိန္ဒိယတောင်ပိုင်းက Hydra Bard လိုမျိုး မူဆလင်လူဦးရေ အများစုနေတဲ့ ဒေသမှာ သွားနေကြတယ်၊ ခိုအောင်းကြတယ်ဆိုတဲ့ အဆက်စပ်တွေပါ အိန္ဒိယက အထောက်အထားတွေ တွေ့လာတယ်။”

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက် အုပ်စုတွေကို တပ်မတော်က လိုက်လံ ရှာဖွေတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း အဲဒီ ပြောဆိုမှုတွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မောင်တော အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတချို့ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးရမိထားပြီး ဖြစ်ပေမဲ့ သူတို့ထံက စစ်ဆေး သိရတဲ့ အချက်အလက်တွေကို တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG