သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းဖွံဖြိုးရေး ရန်ပုံငွေကိစ္စ အစိုးရဟောင်းရှင်းလင်း


အရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်း လက်ထက်က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေဟာ အစိုးရ ရန်ပုံငွေ မဟုတ်တဲ့အတွက် အသစ်ပြန်ဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးလှူလိုက်တာသာ ဖြစ်ပြီး ဒီကိစ္စမှာ မမှန်မကန်လုပ်ထားတာ ဘာမှမရှိဘူးလို့ အရင် အစိုးရလက်ထက် ဝန်ကြီးတဦးက ဗွီအို အေကို ပြောပါတယ်။ ဒါပေမဲ့လဲ လက်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ ဒါကို သဘောမတူပါဘူး။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြ ပေးပါမယ်။

အရင် ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟောင်းလက်ထက် ဒေသဖွံ့ဖြိုးရေး အတွက် ဖောင်ဒေးရှင်းကို ပေးလှူတဲ့ ရန်ပုံငွေတွေဟာ အစိုးရ ရန်ပုံငွေ မဟုတ်တာကြောင့် အဲ့ဒီ ငွေတွေ ကို ပြီးခဲ့တဲ့ အစိုးရ သက်တမ်း ကုန်ဆုံးချိန်မှာ အခြား ဖောင်ဒေးရှင်းတခုကို ပေးလှူလိုက်တာဖြစ်တဲ့ အ တွက် လက်ရှိ အစိုးရထံကို ရန်ပုံငွေ လွှဲပြောင်းဖို့ ပျက်ကွက်တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ အရင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဗွီအိုအေကို ပြောပါ တယ်။

“အစိုးရရန်ပုံငွေမှမဟုတ်တာ ဘယ်အစိုးရကိုလွှဲပြောင်းပေးရမလဲ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြင်ပလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့ တည်ထောင်တဲ့ ဖောင်ဒေးရှင်းတခုရှိခဲ့တယ်။ အဲဒီဖော်ဒေးရှင်းတွေကနေပြီးတော့ လှူကြတယ်၊ အဲဒီကနေပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေလုပ်တယ်။ ပိုတဲ့ငွေတွေကို အစိုးရဖျက်သိမ်းတဲ့အခါမှာ ဖောင်ဒေးရှင်းကြီးကိုလည်း တရားဝင်ဖျက်သိမ်းခဲ့တယ် တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းပြီးမှ အဲဒီအလှူငွေတွေကိုတော့ ဒီအဖွဲ့ကိုလှူဒါန်းလိုက်တယ်ဆိုပြီးတော့ ကျနော်တို့ကို လှူဒါန်းတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ ရန်ပုံငွေကို ကလိမ်ကညစ်လုပ်ထားတာ လုံးဝမရှိဘူးလို့လဲ သူက ပြောပါ တယ်။

“ကျန်တဲ့နေရာမှာကတော့ မသိဘူး၊ ဧရာဝတီမှာကတော့ ရိုးရှင်းတယ်။ အစိုးရပိုက်ဆံတွေကို ကလိမ်ကညစ်လုပ်ပြီးတော့ ယူထားတာ ဘာမှမရှိဘူး။ နောက်ပြီးတဲ့အခါမှာ တရားသဖြင့်လာရောက်ပြီးတော့ လှူဒန်းတာတွေပေါ့နော် အဲဒီတုန်းကလည်း အစိုးရကို လှူတာမဟုတ်ဘူး အစိုးရကနေပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်နေတဲ့ ဖောင်ဒေးရှင်း ကိုပဲ အလှူငွေတွေလှူသွားတာ။”

အရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဟာ ဧရာဝတီ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဦးဆောင်တည်ထောင်ခဲ့ပြီး အစိုးရသက်တမ်း ၅နှစ် ကုန် ဆုံးချိန်မှာ အဲ့ဒီဖောင်ဒေးရှင်းကို ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် ဧရာဝတီ ပညာ၊ကျန်းမာ ဘက်စုံဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းဆိုတာ ပေါ်ပေါက်လာပြီး ဒီ ဖောင်ဒေးရှင်း အသစ်မှာလည်း ဦးသိန်းအောင် အပါအဝင် အရင် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ နာယကအနေနဲ့ ပါဝင်နေတာ ဖြစ်ပါ တယ်။

အရင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟောင်းလက်ထက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လွှဲပြောင်းပေး ဖို့ ပျက်ကွက်တာနဲ့ ပတ်သက်ပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖျာပုံမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက လွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုင်း ဒေသကြီး စာရင်းစစ်ချုပ်က ဦးဆောင်ပြီး ဒီကိစ္စတွေအပေါ် စစ်ဆေးမှုတွေ လုပ်နေတာလဲဖြစ်ပါတယ်။

အရင် ဧရာဝတီတိုင်း အစိုးရ ဦးဆောင်တဲ့ ဖောင်ဒေးရှင်း ရန်ပုံငွေတွေဟာ အစိုးရနဲ့ မသက်ဆိုင်ဘူးဆို တာ မဟုတ်ဘဲ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူတွေ ပေးလှူထားတဲ့ တိုင်းဒေသကြီး အစိုးရရဲ့ သီးသန့် ရန်ပုံငွေဖြစ်တယ်လို့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက အခုလို ပြော ပါတယ်။

“အစိုးရနဲ့မဆိုင်တဲ့ ဖောင်ဒေးရှင်းဆိုရင် အစိုးရကနေ အစည်းအဝေးမှတ်စဉ်နဲ့ ချေးစရာမရှိဘူးလေ။ အစိုးရကနေသူ့ငွေဖြစ်တဲ့အတွက် အစိုးရနဲ့ သက်ဆိုင်ခြင်း၊မသက်ဆိုင်ခြင်းဆိုတာက ချေးတဲ့စာချုပ်ထဲမှာကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစိုးရအမှတ်စဉ် ဘယ်လောက်၊ ဘယ်လောက် ချေးတယ်ဆိုကတည်းက အစိုးရငွေပဲပေါ့ အဲဒီအတွက် ဒီငွေတွေသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ငွေဖြစ်သလို ပြည်သူလူထုအတွက်ငွေဖြစ်ပါတယ်။ အဲဒီအတွက် ဒီငွေတွေသည် ကျနေ်ာတို့ လွှဲပြောင်းတဲ့အစိုးရအဆက်ဆက်ကို လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။”

ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟောင်းက လက်ရှိ အစိုးရထံကို လွှဲပြောင်းပေးအပ်ဖို့ ကျန်ရှိတဲ့ ငွေ ပမာဏဟာ ကျပ်သန်း ၃၀၀၀ ကနေ သန်း ၇၀၀၀ လောက်အထိရှိနိုင်တယ်လို့ ဧရာဝတီတိုင်း လွှတ် တော် ဥက္ကဌက ပြည်တွင်းမီဒီယာတွေကို ဖြေကြားထားလည်းရှိပါတယ်။

ဧရာဝတီတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စနဲ့ ပတ်သက်ပြီး အရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့လဲ ရှိနေပါတယ်။

မကြာသေးခင်က ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇၀၀၀ လောက် ပျောက်ဆုံးမှု စစ်ဆေးတွေ့ရှိခဲ့ပြီး အလားတူ စုံစမ်းစစ်ဆေးမှုမျိုး လုပ်တာဟာ ဧရာဝတီတိုင်း ဖြစ်စဉ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG