သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်အာဘေး အရွေးကောက်ခံ သမ္မတထရမ့်နဲ့ တွေ့မည်


ဂျပန်ဝန်ကြီးချုပ်အာဘေး
ဂျပန်ဝန်ကြီးချုပ်အာဘေး

ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump တို့ ဒီကနေ့ တွေ့ဆုံဖို့ရှိပြီး ဂျပန်နဲ့ အမေရိကန်အကြား လုံခြုံရေးဆိုင်ရာ မဟာမိတ်ဖြစ်မှုရဲ့ အရေးပါပုံကို ဂျပန်ဝန်ကြီးချုပ်က အထူး အလေးထားပြောမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းကဆိုရင် မစ္စတာ Trump ဟာ ကမ္ဘာ့ခေါင်းဆောင် အတော်များများနဲ့ တယ်လီဖုန်းကတဆင့် စကားပြောပြီးပါပြီ။ အဲဒီထဲမှာ အီဂျစ်သမ္မတ Abdel Fattah el-Sissi, ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့လည်း အခု ဂျပန်ဝန်ကြီးချုပ် Abe နဲ့ကတော့ ဇန်နဝါရီ လမှာ သမ္မတသက်တမ်း မစတင်ခင် ပထမဆုံး လူကိုယ်တိုင် တွေ့ဆုံတာဖြစ်ပါမယ်။

အခုတွေ့ဆုံပွဲမှာ အနာဂတ်အတွက် သူ့ရဲ့အမြင်ကို မစ္စတာ Trump နဲ့ ဆွေးနွေးချင်တယ်လို့ ဂျပန်ကနေ မထွက်ခင်မှာ မစ္စတာ Abe က ပြောပါတယ်။

ယုံကြည်မှုပေါ်မှာသာ မဟာမိတ်ကို တည်ဆောက်လို့ရကြောင်း၊ ဒါကြောင့် အဲဒီယုံကြည်မှုကို သမ္မတ Trump နဲ့ တည်ဆောက် ချင်ကြောင်း၊ အဲဒီပေါ်အခြေခံပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားချင် ကြောင်း မစ္စတာ Abe က ပြောပါတယ်။

အမေရိကန်ဟာ ဂျပန်ကို အကာအကွယ်ပေးဖို့ သိပ်လုပ်နေရတယ်လို့ဆိုပြီး အမေရိကန်-ဂျပန်ဆက်ဆံရေးအပေါ် မစ္စတာ Trump က ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း မေးခွန်းထုတ်တာတွေ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG