သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ်လက်ထက် အာရှပစိဖိတ်ရေးရာပေါ်လစီ


အမေရိကန်အစိုးရသစ် အုပ်ချုပ်မှုအောက်မှာ အမေရိကန်နဲ့ အာရှ ပစိဖိတ် ဒေသ မဟာမိတ်ကြားက စစ်ရေး ဆက်ဆံရေးတွေဟာ ဘာမှ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ အမေရိကန် ပစိဖိတ်ဒေသ ဝန်းကျင်စစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကပြောပါတယ်။ ဒါ့အပြင် အာရှ ပစိဖိတ် ဒေသအတွင်းမှာ မြောက်ကိုရီးယား၊ တရုတ် နိုင်ငံနဲ့ အိုင်အက်စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရသလို၊ အာဆီယံအသင်းနဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေထားရှိနိုင်အောင် မျှော်လင့်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး Harris က ပြောပါတယ်။ အသေးစိတ်ကိုတော့ ရှားဖောင်က စုစည်းတင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတက်လာမယ့် ရွေးကောက်ခံသမ္မတသစ် Donald Trump ရဲ့ နိုင်ငံခြားရေးရာ ဆိုင်ရာမူဝါဒတွေနဲ့ ပတ်သက်ပြီး အာရှ-ပစိဖိတ်ဒေသတွင်းနဲ့ မဟာမိတ်အဖွဲ့တွေက စိုးရိမ်မှုတွေရှိနေတဲ့အချိန်မှာပဲ အာရှ ပစိဖိတ် ဒေသတွင်း မဟာမိတ်တွေအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဆက်လက်ခိုင်မြဲသွားမှာဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ဒေသ ဝန်းကျင်စစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris က အင်္ဂါနေ့က ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့ ကာကွယ်ရေးဆိုင်ရာ Defense One နှစ်ပတ်လည် ညီလာခံမှာ ပြောဆိုသွားပါတယ်။

“အိန္ဒိယနဲ့ အာရှပစိဖိတ်ဝန်းကျင်းရှိ မဟာမိတ်တွေနဲ့ မိတ်ဆွေနိုင်ငံတွေအပေါ် အမေရိကန်အနေနဲ့ ခိုင်မာတဲ့ သံန်နိဋ်ဋ္ဌာန်ကို ဆက်လက် ထားရှိသွားမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ အဲဒီဒေသမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ လိုအပ်တဲ့အပြင် အရေးကြီးတယ်ဆိုတာ အခိုအမာယုံကြည်ထားပါတယ်။ သမိုင်းကြောင်းအရ အဲဒီဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်က ဆောင်ရွက်ပေးတဲ့ အကျိုးသက်ရောက်မှုတွေက သက်သေထူနေတာလည်းဖြစ်ပါတယ်။”

အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ညီလာခံအတွင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒုံးကျဉ်စမ်းသပ်မှုအစီအစဉ်နဲ့ တောင်တရုတ်ပင်လယ်ပင်ရေးအနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ တရုတ် တို့ရဲ့ ဒေသတွင်း လုံခြုံရေး ငြိမ်းခြောက်မှုတွေအပေါ်မှာ စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Harris က မီးမောင်းတိုးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ နဲ့ ဖိလစ်ပိုင်လို မဟာမိတ်နိုင်ငံတွေရဲ့ ခိုင်မာစွာရပ်တည်မှုကြောင့် အားတက်ရတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Harris ကပြောပါတယ်။

“ကျနော့်အနေနဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ သူ့မှာရှိတဲ့ လက်နက်တွေနဲ့ နျူကလီးယားစမ်းသပ်မှု ကိစ္စတွေကို စိုးရိမ်မကင်း ဖြစ်ပါတယ်။ တရုတ်က ဒေသတွင်းမှာ အတင့်ရဲလုပ်ဆောင်မှုတွေအပြင် IS အကြမ်းဖက်လှုပ်ရှားမှု အဲဒီအာရှဒေသကို ကူးဆက်ပျံ့နှံ့နိုင်မယ့်အလားအလာကိုလည်း ကျနော်စိုးရိမ်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေးဟာ အားကောင်းသလို ဂျပန်၊ တောင်ကိုရီးယားနဲ့ သုံးနိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သြစတြေးလျနဲ့ မဟာမိတ်ဆက်ဆံရေးအပြင် အင်အားတက်သစ်စ အိန္ဒိယနဲ့ ဗီယက်နမ်တို့နဲ့ ဆက်ဆံရေးလည်း တိုးတက်နေပါတယ်။”

နိုင်ငံခြားရေး ဆက်ဆံရေးနဲ့ပတ်သက်ပြီး ရွေးကောက်ခံသမ္မတသစ် Donald Trump ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye အပါအဝင် နိုင်ငံခြားခေါင်းဆောင် တွေနဲ့ စကားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ ကြာသာပတေးနေ့မှာတော့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေနဲ့ စကားပြောဖို့ရှိပါတယ်။

ရွေးကောက်ခံသမ္မတသစ် Donald Trump အနေနဲ့ အစိုးရတာဝန်စတင်ထမ်းဆောင်ရာမှာ ချက်ခြင်း ရင်ဆိုင်ရာရမယ့် စိန်ခေါ်မှုတွေကတော့ အမေရိကန်ပြည်ထောင်စုက ဦးဆောင်တဲ့ အိုင်အက်စ် စစ်သွေးကြွတိုက်ခိုက်ချေမှုန်းရေး၊ ဆီးရီးယားနိုင်ငံပြည်တွင်းစစ်နဲ့ အာဖဂန် နစ္စတန်နိုင်ငံအတွင်း အမေရိကန်ရဲ့ ဆက်လက်ပါဝင်မှု အခန်းကဏ္ဍတွေအပြင်၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပါတယ်။

အာရှပစိဖိတ်အတွင်းက လက်ရှိအခြေအနေနဲ့ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို လိုအပ်တဲ့ အခန်းကဏ္ဍတဲ့ပတ်သက်ပြီးတော့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Harris က ထည့်သွင်းပြောဆိုသွားပါတယ်။ အရှေ့တောင်နဲ့ တောင်အာရှ နိုင်ငံက အစွန်းရောက်အကြမ်းဖက်မှုဝါဒ အန္တရာယ်တွေကို မဟာမိတ်တွေနဲ့အတူ ချေမှုန်းသွားမယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီးကပြောပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ဟာ နေတိုး - မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့လို စစ်ရေးမဟာမိတ် စာချုပ် ချုပ်ဆိုထားတာ မဟုတ်ပေမယ့်လည်း ဒေသတွင်း ဒီထက်ကောင်းမွန်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး Harris က ပြောပါတယ်။

“အာဆီယံအကြောင်း ကျနော်တို့ ပြောကြတဲ့အခါ အမေရိကန်အနေနဲ့ အာဆီယံအတွက် လုပ်ပေးနိုင်သမျှကို လုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာ စစ်ဘက်ဆက်ဆံရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှု အမျိုးမျိုးလုပ်နိုင်ပါတယ်။ နေတိုးအဖွဲ့ကြီးလို လုံခြုံရေးဆိုင်ရာ အဖွဲ့အကြီးအနေအထားမျိုးအဖြစ်လည်း အာဆီယံကို ဖြစ်လာစေချင်ပါတယ်။”

အာဆီယံနဲ့ အမေရိကန် စစ်ဖက်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဒေသတွင်းမှာရင်ဆိုင်နေရတဲ့ မလက်ကာ ရေလက်ကြားက ပင်လယ်ဓားပြ ပြဿနာမျိုးတွေမှာဆိုင်ရင် စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေနဲ့ မဟာမိတ်လို ပူးပေါင်းမှုတွေရှိခဲ့တာကို ရေတပ်ဗိုလ်ချုပ်ကြီး Harris က ဥပမာပေးပြီး ပြောဆိုခဲ့ပါတယ်။ ဒါဟာကိုကြည့်ခြင်းအားဖြင့် အမေရိကန်ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ဖြစ်နိုင်တယ်ဆိုတာပြသနေတယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြား ဆက်ဆံရေးတင်းမာစေတဲ့ အမေရိကန်အပေါ် ဝေဖန် ရှုတ်ချပြောဆိုမှုတွေဟာ သူ့တို့အတွက် စိတ်ကသိကအောက်ဖြစ်ရမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်အကြား စစ်ရေးမဟာမိတ်ဆက်ဆံရေးဟာ အခိုင်အမာ တည်ရှိနေသလို ဖိလစ်ပိုင်စစ်တပ်အရာရှိတွေနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုတွေကလည်း ရှိနေတယ်လို့ အမေရိကန် ပစိဖိတ်ဒေသ ဝန်းကျင်စစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG