သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေး ထိခိုက်စရာမရှိ


KIA ရှေ့တန်းတပ်
KIA ရှေ့တန်းတပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်အနီးမှာ ဒီလ ၁၃ရက်နေ့မနက်ပိုင်းက အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား အပြန်အလှန်လက်နက်ကြီးနဲ့ပတ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ငြိမ်သက်နေပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်တဲ့ တိုက်ခိုက်တာမျိုးမဟုတ်တာကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်စဉ်အပေါ်တော့ သက်ရောက်နိုင်ဖွယ်မရှိကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်က သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIAအကြားတိုက်ပွဲဟာ မြစ်ကြီးနား-ဗန်းမော်လမ်းအရှေ့ဖက် KIA လှုပ်ရှားတပ်ရင်း ရဲ့ ရှေ့တန်းစခန်းမှာ ဒီလ ၁၃ရက်နေ့ မနက်ပိုင်းက စတင်ဖြစ်ပွားပြီး တနာရီလောက်ကြာမြင့်ခဲ့တာပါ။

ဒီပစ်ခတ်တိုက်ခိုက်တာတွေဟာ ဒီကနေ့ ထပ်မံဖြစ်ပွားတာမရှိကြောင်းနဲ့ အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ပွားတဲ့အခြေအနေကို KIO အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒီကနေ့ကတော့ ကျနော်ဘာမှမကြားရသေးဘူး တိုက်ပွဲဖြစ်တဲ့သတင်းတွေ။ မနေ့ကတော့ ဒီခမ် ဆိုတဲ့နေရာမှာ ဖြစ်တာက တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ၈၀ မမ တို့နဲ့ ပစ်တာ ၊ လက်နက်ငယ်နဲ့ ပစ်တဲ့ တိုက်ပွဲတွေတော့မရှိပါဘူး။ လက်နက်ကြီးနဲ့လှမ်းပြီးတော့ ပစ်တဲ့ တိုက်ပွဲတွေပါ။ ၁ နာရီလောက်ကြာမယ်ထင်တယ်။ KIA ကတော့ ၆၀ မမနဲ့ ၃- ၄ ကြိမ်လောက် ပြန်ပစ်တယ်လို့ ကြားပါတယ်။ ၂ ဘက်ထိခိုက်တာတော့ မကြားဘူး။ ရှိလည်းမရှိပါဘူး။”

ဒီတိုက်ပွဲဖြစ်ပွားမှုသတင်းနဲ့ပတ်သက်ပြီးကချင်ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ကြီးအစည်းအဝေးတက်နေတာကြောင့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေနဲ့ တိုက်ပွဲတွေ ဆက်မဖြစ်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မထိခိုက်နိုင်ကြောင်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီနေ့အခြေအနေကတော့ ဘာမှမကြားဘူး။ မနေ့ကတော့ ဒီခမ် post ဘက်မှာတော့လေ အဲဒီမှာ စစ်ကြောင်းလည်းရှိတယ်။ အဲဒီ ဒီခမ် post ဘက်မှာ သူတို့က လက်နက်ကြီးနဲ့ ထု ၊ ဟိုဘက်က KIA ကလည်း လက်နက်ကြီးနဲ့ ထုပြီးမှ ခဏပါပဲ အခုအချိန်ထိတော့ ဘာမှလည်း ဆက်ပြီးမဖြစ်ဘူးပေါ့ဗျာ။ ကြီးကြီးကျယ်ကျက်ဖြစ်တာမဟုတ်ဘူးဆိုတော့ ဘာမှပြောတာတော့မရှိဘူး။ ဟိုကလည်း သူတို့ ရှိတယ်ဆိုတဲ့အကြောင်း လက်နက်ကြီးနဲ့ ထု၊ ဒီကလည်း ထု ၂ ဘက် အသိပေးကြတဲ့သဘောပဲလို့ ကျနော်ထင်တယ်။ မနက်ဖြန်၊ သဘက်ခါ ဆက်ပြီးတော့ အကြီးအကျယ်မဖြစ်ဘူးဆိုရင်တော့ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး။”

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အင်ခရန်စခန်းဟာ ပြီးခဲ့တဲ့လ ၂၃ရက်နေ့ကလည်း အစိုးရတပ်မတော်ဖက်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိခဲ့သလို ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကရင်ပြည်နယ်ဖက်မှာလည်း အစိုးရတပ်မတော်နဲ့ ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသားတပ်ဖွဲ့ DKBA ခွဲထွက်အဖွဲ့အကြားမှာ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေါ်ကော်မတီအစည်းအဝေး JMCU ကို ရန်ကုန်မှာ ကျင်းပပြီး တိုက်ခိုက်တာတွေ မဖြစ်ပွားရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG