သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များလုံခြုံရေး စဉ်းစားကြဖို့ ကူညီပေးသူများ တိုက်တွန်း


ကချင်ဒုက္ခသည်များ
ကချင်ဒုက္ခသည်များ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသက တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေဘေးကင်းလုံခြုံရေးကို တရုတ်အစိုးရနဲ့ မြန်မာအစိုးရက အလေးထားစဉ်းစားစေလိုကြောင်း ဒုက္ခသည်အရေးကူညီသူတွေက တိုက်တွန်းထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်က စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းမှာ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်က အခုလို ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ဆက်တိုက်ရှိတာပါပဲ စစ်က ရပ်မှမရပ်သေးတာကို။ အဓိကဖြစ်နေတာက တပ်ရင်းမဟာ ၅ နားက တပ်ရင်း ၃ ဧရိယာပေါ့ ။ အရင်တုန်းက သိမ်းလိုက်တဲ့ ဂျီးဒွန်ရဲ့အထက် လိုင်ဖောင်နားက Post တွေ အဲဒါတွေကိုလိုက်တိုက်နေတယ်။”

IDP ခေါ် စစ်ရှောင် ဒုက္ခသည်အရေးကူညီနေသူ ကိုဂွမ်ရှာအောင်ကလည်း ဒီကနေ့ နောက်ဆုံးရရှိထားတဲ့ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ဒီနေ့တော့ ကျနော်တို့ကို ထူးခြားဖြစ်စဉ်တွေတော့ မပြောလာသေးဘူး။ မပြောလာသေးဘူးဆိုတော့ ကျနော်တို့အနေနဲ့ လက်ရှိအနေအထားမှာ တိုက်ပွဲဆက်ဖြစ်မဖြစ်ဆိုတာကတော့ ကျနော်တို့မသိဘူး ဒါပေမယ့် လောလောဆယ်အနေအထားအရတော့ ငြိမ်သက်နေထဲအနေအထားတော့ ရှိပါတယ်။”

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIAက ပြောခွင့်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။

လိုင်ဇာမြို့က KIA တပ်ဖွဲ့နဲ့ နီးစပ်သူတဦးကတော့ ဒီလ ၁၀ရက်နေ့အထိ လိုင်ဖောင်စခန်းဖက်မှာ လေကြောင်းက တိုက်ခိုက်တာတွေရှိပြီး ၁၁ရက်နေ့မှာတော့ လက်နက်ကြီးနဲ့ ကြိုးကြားပစ်ခတ်ခဲ့ကြောင်း၊ ဒီကနေ့တော့ ငြိမ်သက်နေကြောင်း ပြောပါတယ်။

၁၀ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ IDP ခေါ် စစ်ရှောင်ဒုက္ခသည်စခန်းတွေအတွင်း လက်နက်ကြီးကျရောက်တာတွေရှိတာကြောင့် ဒုက္ခသည် ၄ထောင်လောက်က တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက လက်မခံတာကြောင့် နယ်စပ်ဒေသမှာပဲ ခိုလှုံနေကြရကြောင်း ဒုက္ခသည်အရေးကူညီနေသူ ကိုဂွမ်ရှာအောင်က ပြောပါတယ်။

လောလောဆည်မှာတော့ ဒုက္ခသည်တွေကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နဲ့ လူမှုအဖွဲ့အစည်းတွေက စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တာတွေကို ထောက်ပံ့ပေးနေပြီး ဒီလို ကူညီထောက်ပံ့ရာမှာလည်း တရုတ်နိုင်ငံဘက်က တဆင့် ပို့ဆောင်နေရတာကြောင့် အခက်အခဲတွေရှိနေပါတယ်။

ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစေရေးအတွက်လည်း တရုတ်အစိုးရနဲ့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကိုဂွမ်ရှာအောင်က အခုလို ဆက်ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂၇ရက်နေ့က ဖြစ်တုန်းကလည်း သူတို့အဝင်မခံဘူး ဆိုတော့ တရုတ်ပြည်အစိုးရအနေနဲ့လည်း နိုင်ငံတကာရဲ့ စံချိန်စံညွှန်းပေါ့နော် အထူးသဖြင့် သူတို့အသတ်ဘေး စိုးရိမ်ရတဲ့အနေအထားမျိုးမှာ သူတို့ကို အကာအကွယ်ပေးဖို့ပေါ့နော် အထူးသဖြင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ရယ်၊ နောက်တခု ဒီ ပဋိပက္ခရဲ့ ဇစ်မြစ်ဖြစ်တဲ့ လက်ရှိဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ရန်အတွက်၊ ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ တပ်မတော်အနေနဲ့ သော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သော်လည်းကောင်း အမြန်ဆုံးလုပ်ကြဖို့လိုတယ်ဆိုပြီးမှ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

အစိုးရတပ်မတော်ဖက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဌာနချုပ်အနီးက ဂီဒွန်စခန်းကို ဒီဇင်ဘာလ ၁၆ရက်နေ့က သိမ်းယူခဲ့ပြီး ၂၇ရက်နေ့မှာတော့ လိုင်ဖောင်စခန်းကို ထပ်မံသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ရက်နေ့မှာတော့ လိုင်ဖောင်စခန်းအနီး စခန်းငယ် ၄ခုကို ထပ်မံ သိမ်းယူခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ လိုင်ဖောင်စခန်းအနီးမှာရှိတဲ့ ဇိုင်အောင်နဲ့ ခေါင်ရှောင်စစ်ရှောင်စခန်းတွေအတွင်းကို လက်နက်ကြီးကျည်ကျတာကြောင့် ဒုက္ခသည် ၄ထောင်လောက် တိမ်းရှောင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG