သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည် လေးထောင်ကျော် တရုတ်နယ်စပ်ရွှေ့ပြောင်းတိမ်းရှောင်


kachin IDP camp flee (Citizen Journalist)
kachin IDP camp flee (Citizen Journalist)

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းက ဒုက္ခသည် လေးထောင်ကျော်ဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် တရုတ်နိုင်ငံ နယ်စပ်ဖက်ကို ရွေ့ပြောင်းသွားကြပါတယ်။ တရုတ်နိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ခွင့်မပေးလို့၊ သူတို့ဟာ နယ်စပ်မျဉ်းနားမှာ ဒုက္ခသည်တွေ့နေရတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ကချင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပူးပေါင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဂွမ်ရှာအောင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဖြေ။ ။ဒီမနက်ဝင်သွားတဲ့ စာရင်းကတော့ ၄ ထောင်ကျော်လောက်ရှိတာပေါ့နော်။ ဇိုင်းအောင်(Zai Awng) နဲ့ ခေါင်ရှောင် ( Hkau shau) က IDP တွေပေါ့နော်။ မနေ့ညကစပြီး သူတို့က ထိန့်လန့်ပြီး ပစ္စည်းတွေပြင်ကြတာပေါ့နော်။ ပြင်ပြီးအစောကြီး ဒီမနက် ၄ နာရီလောက်မှာ တရုတ်ပြည်ဘက်ခြမ်း ချောင်း ၁ ဘက်ကို ပြန်ပြီးတော့ ကူးတာပေါ့နော်။ ကူးတယ် ဒါပေမယ့် မနက်မိုးလင်းပြီးနောက်ပိုင်းကျတော့ အဲဒီနေရာကို တရုတ်ရဲတွေလည်း သူတို့ကိုစစ်ဆေးပြီး မြန်မာဘက်အခြမ်းကို ပြန်ပြီးမှ နှင်လွှတ်တဲ့ အနေအထားရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ တရုတ်ဘက်အခြမ်းကရော လက်မခံဘူးဆိုတာ သိရပါသလဲ။

ဖြေ။ ။အဲဒီအကြောင်းပြချက်ကတော့ ဘာမှ ကျနော်တို့ တိတိကျကျ မသိရဘူးပေါ့နော်။ ဆိုတော့ မနက်ရောက်လာတဲ့အချိန် တရုတ်ရဲတွေ ရောက်လာပြီးမှ သူတို့ကို ပြန်ဖို့ပေါ့နော် ဒီအတိုင်း နှင်လွှတ်တယ် ဆိုတဲ့ အနေအထားမျိုးပေါ့။

မေး။ ။ဒုက္ခသည်တွေကို တရုတ်ဘက်ကနေ လက်မခံဘူးဆိုတဲ့ အခါကျတော့ သူတို့ ဘယ်လိုမျိုး ရပ်တည်နေသလဲခင်ဗျ။

ဖြေ။ ။အခု သူတို့နေနေတာက တရုတ်နယ်စပ်တလျှောက်မှာပေါ့နော် ဟိုဘက်ကမ်း ဒီဘက်ကမ်းက ချောင်းပဲ ခြားတာဆိုတော့ သူတို့က ချောင်းရဲ့ တဘက်ခြမ်းမှာ ဆက်ပြီးတော့ နေနေတာဖြစ်ပါတယ်။

မေး။ ။ဆိုတော့ ဒုက္ခသည်စခန်းမှာမဟုတ်ပဲနဲ့ ခုနက ကိုဂွမ်ရှာအောင်ပြောသလို ဒီချောင်းတလျှောက်မှာ ယာယီတဲထိုးပြီးတော့ နေနေရတဲ့ ပုံစံမျိုးလားခင်ဗျ။

ဖြေ။ ။ယာယီတဲနဲ့ နေရတာကတော့ တပတ်ကျော်ရှိနေပြီပေါ့နော် အခုဆိုလည်း တောက်လျှောက်အဲလိုဖြစ်နေတဲ့အနေအထားမှာဖြစ်ပါတယ်။

မေး။ ။တရုတ်ဘက်ကိုလည်းသွားတယ် တရုတ်က လက်မခံဘူးဆိုတော့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ဒီမနက်အနေအထားမျိုးဆိုရင်တော့ သူတို့အတွက် တော်တော်ဆိုးတယ်ပေါ့နော် မနက်အစောကြီးထပြီးတော့ ပြေးရတယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ တမနက်လုံး မနက်စာတောင်မစားရပဲနဲ့ ပြေးရတဲ့ အနေအထားမျိုးရှိတယ်။ ပိုဆိုးတာက ဒီ IDP တွေအနေနဲ့ အခုလို ထပ်ဆင့် ထပ်ဆင့် ပြေးလွှားနေတဲ့အနေအထားရှိတော့ သူတို့အနေနဲ့ စိတ်ဝေသနာတွေလည်း တော်တော်လေး ဖြစ်နေတာပေါ့နော်။ သူတို့ စိုးရိမ်မှု ကြောင့်ကြမှုတွေ ဖြစ်နေတယ်။ တချို့ကသွေးတိုးဖြစ်တာနဲ့၊ တချို့က လွန်ခဲ့တဲ့ တပတ်လုံး တပတ်ကျော်ကျော်ပဲ သူတို့ ရောက်ရာအရပ်မှာ ဒီလို စခန်းချပြီးတော့ ပြေးလွှားခဲ့ရတဲ့ အနေအထားကြောင့် တဘက်မှာလည်း ကျန်းမာရေးအခြေအနေတွေ လည်း တော်တော်စိုးရိမ်ရတဲ့အခြေအနေ တွေဖြစ်ပါတယ်။

မေး။ ။အခုရှိတဲ့ ရိက္ခာကရော သူတို့အတွက် ဘယ် နှစ်ရက်စာလောက်ပဲ သူတို့မှာ ရှိပါသလဲ။

ဖြေ။ ။ကျနော်ထင်တယ် အများကြီးတော့ လုံလောက်မယ်မထင်ဘူး။ အများဆုံးရှိမှ လက်ရှိရှိတဲ့ဟာနဲ့ဆိုရင် ၅ ရက် - ၁ ပတ်ပေါ့နော်။

မေး။ ။ရာသီဥတုအနေအထားရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ရာသီဥတု ကတော့ ဆောင်းတွင်းဖြစ်တဲ့ အတွက် တော်တော်အေးတာဖြစ် ပါတယ်။ ဖြစ်ချင်တော့ လွန်ခဲ့တဲ့ ၁ ပတ်ကဆိုရင် ဆောင်းတွင်းမှာ ည မိုးပြန်ရွာတဲ့အချိန်က ၃-၄ ရက်ရှိတော့ အဲဒီကာလမှာလည်း IDP တွေ တော်တော်လေး ဒုက္ခရောက်ခဲ့တာဖြစ်ပါတယ် အခုဆောင်းတွင်းဆိုပေမယ့် တခါတလေ မမျှော်လင့်ပဲ မိုးရွာရင် သူတို့အတွက်တော်တော်လေး ဒုက္ခရောက်တာဖြစ်ပါတယ်။ တဘက်မှာတော့ အရမ်းအေးတာပေါ့နော်။”

ကချင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပူးပေါင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဂွမ်ရှာအောင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG