သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီအမှု အမှုမှန်မပေါ်မှာ စိုးရိမ်မှုတိုး


ရှေ့နေဦးကိုနီ
ရှေ့နေဦးကိုနီ

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အများ ပြည်သူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ တရားမျှတမှုမရှာနိုင်ရင် တပ်မတော် နဲ့ လက်ရှိ NLD အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အများပြည်သူကြား ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေတာပါ။ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရတာ ဒီကနေ့ဆိုရင် ၄မြောက်ရှိပြီ ဖြစ်ပေမယ့်လည်း အာဏာပိုင်တွေဘက်က တိကျတဲ့ သတင်းထုတ်ပြန်မှု မရှိတဲ့အပေါ် အမှုမှန် ပေါ် ပေါက်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ အများစုက ထောက်ပြနေကြတာပါ။သတင်း အပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လူမြင်ကွင်းမှာ လုပ်ကြံခံရပြီး သေဆုံးတာ ဒီကနေ့ဆိုရင် ၄ရက် မြောက်ရှိသွားပါပြီ။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအပေါ် စုံစမ်းစစ်ဆေးမှု အခြေအနေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က အခုချိန်ထိ တိကျရေရာတဲ့ သတင်းထုတ်ပြန်တာမရှိတာကြောင့် အမှုမှန် မပေါ်ပေါက်မှာကို အများစုက စိုးရိမ်နေကြတာပါ။

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ အမှန်တရားကို ပြည်သူတွေ သိခွင့်မရဘူးဆိုရင် တပ်မတော်နဲ့ လက်ရှိ NLD အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လို့ ဥပဒေပညာရှင်တဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“သေချာတာတခုတော့ ရှိတယ်။ အမှုမှန်မဟုတ်ဘူးလို့ ပြည်သူတွေမယုံကြည်တဲ့နေ့မှာ တပ်မတော်အတွက်လည်းမကောင်းဘူး၊ လက်ရှိအစိုးရ အတွက်လည်းမကောင်းဘူး၊ NLD အတွက်လည်းမကောင်းဘူး၊ ဒါတော့ သေချာတယ်။ အဲဒီတော့ အမှုမှန်ပေါ်ပေါက်အောင် ဝိုင်းဝန်းကြိုးစားသင့်တယ်။ ဒါဆရာပြောချင်တယ် အဲလိုပေါ်ပေါက်ဖို့လည်း ဆရာတို့ ဆန္ဒရှိတယ်။ သို့သော် လက်ရှိ သွားနေတဲ့ နှုန်းထားနဲ့ အနေအထားတွေအရတော့ ဘုရားခိုးဂိုဏ်းနဲ့ အဆုံးသတ်လိုက်မှာကို အင်မတန်စိုးရိမ်တယ်။ တကယ်တော့ ဘုရားခိုးဂိုဏ်းအဆင့်နဲ့ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး အဲလိုဆရာယူဆတယ်လေ။”

မြန်မာပြည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တရားဥပဒေစိုးမိုးရေးနဲ့ ကင်းကွာခဲ့ရပြီး ၂၀၀၈ခုနှစ် ကမာရွတ် မြို့နယ် စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှု အပါအဝင် ပြီးခဲ့တဲ့နှစ်က မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲအရာရှိဟောင်း မိသားစုတစုလုံး သေဆုံးခဲ့ရတဲ့ လေးလောင်းပြိုင် လူသတ်မှုလို အမှုတွေ ကိုတောင် အခုချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိတာမို့ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာလည်း အမှုမှန် ဖော် ထုတ်နိုင်ခြင်းရှိပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေ ပေါ်ထွက်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ရဲစစ်ဆေးချက်တွေ အင်တာနက်ပေါ် ပေါက် ကြားခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးချက်အပေါ် ပြည်သူတွေအနေနဲ့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေး ဆောင်ရွက်နေတာတွေဟာ အားရစရာ မရှိသလို အမှုမှန်ပေါ်ပေါက်ရေးဟာ လက်ရှိအစိုးရနဲ့ပြည်ထဲရေးဝန်ကြီးဌာန အဓိကမှာ တာဝန်ရှိတယ် လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

“အခုလက်တွေ့အနေနဲ့ ရလဒ်တွေကရပြောမယ်ဆိုရင် ဒီလောက်အရေးကြီးတဲ့ ကိစ္စတွေမှာ စာရွက်စာတန်းတွေပေါက်ထွက်လာတယ်။ နောက်တခါ ဒီလောက် စာရွက်စာတန်းတွေပေါက်ထွက်လာတဲ့အခြေအနေ ရောက်တဲ့အခြေအနေမှာလည်း ပြန်လည် တုန့်ပြန်ပြီးတော့ ပြည်သူကို ရှင်းလင်းတဲ့ဟာမျိုးကိုလည်း အားရစရာမရှိဘူး။ ဆရာဦးကိုနီ လုပ်ကြံခံရတဲ့ဖြစ်စဉ်ကို အခု အမှန်တရားပေါ်ဖို့ ကိစ္စမှာ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ပြောတာထက် လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ရှိပါတယ်။ လက်ရှိအစိုးရအဖွဲ့ တိတိကျကျပြောရင်တော့ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဦိးကိုနီရဲ့ဖြစ်စဉ်ကို အမှန်တရားအတိုင်း ပေါ်ထွက်လာအောင် ကျနော်တို့ တိတိကျကျ နဲ့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်မယ်ဆိုရင် နိုင်ငံသားပြည်သူတွေရဲ့ ယုံကြည်အားကိုးမှု ချစ်ခင်လေးစားမှုကို ရရှိမှာ ဖြစ်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။”

ရှေ့နေကြီး ဦးကိုနီဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အတက်ကြွဆုံးသူ တဦး ဖြစ်ခဲ့သလို လုပ်ကြံခံရပြီး မသေဆုံးခင် ၂၀၁၆ ဒီဇင်ဘာလ ၃၀ရက်နေ့မှာတောင် NLD လွှတ်တော် အမတ်တွေကို ရွေးကောက်ပွဲကတိတခုဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကောင်ထည်ဖော်ဖို့ တိုက် တွန်းခဲ့ပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ဦးကိုနီ လုပ်ကြံ ခံရမှုဟာ နိုင်ငံရေးနဲ့ တနည်းတဖုံ ဆက်စပ်နေတယ်လို့ ယုံကြည်သလို ဒီဖြစ်ရပ်ကြောင့် လုံခြုံရေးနဲ့ ပတ် သက်လို့ ပေါ့ဆမှုကို သတိပြုမိစေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဒီသတင်းကြားတာနဲ့ စဉ်းစားကြည့်လိုက်တော့ ကိုနီလိုလူမျိုးဟာ ပုဂ္ဂိုလ် ရေးအရ ဒီလိုဖြစ်စရာအကြောင်း ကျနော်လုံးဝမတွေ့ဘူး။သိလို့ပြောတာတော့ မဟုတ်ဘူး သူ့ကို ပုဂ္ဂိုလ် အရသိတယ်၊ သူလိုက်နေတဲ့ အမှုတွေကိစ္စတွေလည်း ကျနော်တို့နဲ့ ပြိုင်ပြီးတော့ လိုက်နေတာဆိုတော့ ကျနေ်ာတို့သိတယ်။ ဒီလိုအသက်အန္တရာယ်ဖြစ်လောက်တဲ့ ဖြစ်လောက်တဲ့ ကိစ္စမျိုးဖြစ်စရာအကြောင်းမရှိဘူး။ အဲဒါဆိုရင် ကိုနီဘာဖြစ်လို့လဲဆိုတာ ပြန်ဆက်ပြီးစဉ်းစားရမယ်၊ ဆက်ပြီးစဉ်းစားတဲ့ အခါကျတော့ နိုင်ငံရေးက တနည်းမဟုတ်တနည်း နွယ်နေမယ်လို့ ယုံကြည်တယ်။”

အစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ပဲ မျှော်လင့်ကြောင်းပြောလာသူက လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရှေ့နေကြီး ဦးကိုနီရဲ့ သမီးဖြစ်သူ မအေးသီခိုင်ပါ။

“အခုအချိန်မှာတော့ ကျမတို့က ဘာကိုမှ ပြောလို့မရသေးဘူးလို့ထင်တာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျမတို့က Crime Investigator လည်းမဟုတ်ဘူးလေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေက အကောင်းဆုံးလုပ်မယ်လို့တော့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒီလူ့ကို သံသယ ရှိပါတယ်ဆိုပြီး မပြောလိုပါဘူး ပြောခွင့်လည်းမရှိဘူးလို့ ထင်ပါတယ်။”

လူအများရှေ့မှာ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဦးကြည်လင်းဆိုသူကိုတော့ လက်ရှိမှာ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပြီး ဒီလုပ်ကြံမှုနောက်ကွယ်က ကွင်းဆက်တရားခံလို့ သံသယရှိသူတွေကို ခေါ်ယူ စစ် ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပေမယ့် အခုချိန်ထိ သတင်းတိတိကျကျ ထုတ်ပြန် ပေးတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG