သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာပြည်ခရီးစတင်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကို စက်တင်ဘာတုန်းက ရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကို စက်တင်ဘာတုန်းက ရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)

ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဟာ ဒီကနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး၊ မကြာသေးခင်က အကြမ်းဖက်တိုက်ခိုက်မှုတွေကြုံခဲ့ရတဲ့ မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။ မောင်တောဒေသမှာ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက်၊ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်ဟာ ပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသက လူမှုအသိုင်းအဝိုင်းတွေအပါအဝင် ဒေသတွင်း ဘက်ပေါင်းစုံက အရပ်ဖက် လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ချို့နဲ့ပါ တွေ့ဆုံဖို့ မြန်မာပြည်ကို ဒီကနေ့မှာပဲ ရောက်ရှိလာပါတယ်။ ဒါဟာ ကော်မရှင် ဥက္ကအဖြစ် လာရောက်တဲ့ သူ့ရဲ့ ဒုတိယမြောက် ခရီးစဉ်လည်း ဖြစ်တာပါ။ ဒီတစ်ခေါက် ခရီးစဉ်မှာတော့ ပြီးခဲ့တဲ့လအတွင်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မောင်တော်မြို့နဲ့ ရခိုင်ပြည်နယ်တွင်းက မြို့တစ်ချို့ကိုပါ သွားရောက်ဖို့ ရှိတယ်လို့ ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်ခင်စောတင့်က ပြောပါတယ်။

“စစ်တွေလည်းသွားစရာရှိပါတယ်။စစ်တွေ၊ မောင်တောပေါ့နော်၊ နောက်မြေပုံ၊ မြောက်ဦး၊ နောက် ပြီးတော့ နေပြည်တော်ပေါ့နော် အဲဒီခရီးစဉ်ရှိပါတယ်။”

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဟောင်းလည်း ဖြစ်၊ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်း ဖြစ်တဲ့ မစ္စတာ အာနန်ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို ရခိုင်ပြည်နယ်တွင်းက နှစ်ဖက် အသိုင်းအဝိုင်း အဖွဲ့အစည်းတို့နဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒါပြီးရင်တော့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမှာ ဖြစ်ပြီး အဲဒီ့နောက်မှာတော့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့နဲ့ လည်း တွေ့ဖို့ရှိတယ် လို့ ဒေါ်ခင်စောတင့် က ပြောပါတယ်။

“မနက်ဖြန်မှာ စပြီးတော့မှ တွေ့ကြမှာပါ။ ပြီးတော့ ရန်ကုန်မှာလည်း ၂ ဘက်အဖွဲ့အစည်းတွေနဲ့ပေါ့နော် ရန်ကုန်မှာတွေ့မှာပါ။ ရခိုင်ခရီးစဉ် က ပြန်လာတဲ့အခါ နေပြည်တော်ခရီးစဉ်မှာလည်း ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်ရှင့်။

မေး။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တွေ့ဖို့ရှိပါသလား။

ဖြေ။ ။ တွေ့ဖြစ်မယ်လို့ ထင်ပါတယ်ရှင့်။”

မစ္စတာ ကိုဖီအာနန် မရောက်ခင် ပြီးခဲ့တဲ့ သတင်းပတ် ၂ ပတ်ကျော်အကြာမှာ ရခိုင်အကြံပေး ကော်မရှင် အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီ့တစ်ကြိမ်မှာတော့ လုံခြုံရေး အခြေအနေကြောင့် ပဋိပက္ခဖြစ်ပွားရာ မောင်တောမြို့ကို သွားရောက်ခွင့် မရခဲ့ပါဘူး။ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်၊ စည်ပင်သာယာရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးမင်းအောင်ကတော့ ကော်မရှင်အနေနဲ့ ဒီတစ်ခေါက်မှာတော့ ရခိုင်ပြည်နယ်ကို လာရောက်လေ့လာနိုင်တယ်လို့ ပြောပါတယ်။

“ဘေးမှာပါရင်တော့ သွားလို့ရပါတယ်။ အခုက ဘာမှ ဖြစ်နေတာ မရှိဘူးလေ။ သိပ်ပြီးတော့ ထွေထွေထူးထူးကြီး ဒီပြည်နယ်ထဲမှာ ပြဿနာကြီးတွေ ရှိနေတာတွေတော့ မရှိဘူးလေ။ သူတို့ စာရင်းထဲပါရင်တော့ သွားလို့ရတာပေါ့။”

မစ္စတာ ကိုဖီအာနန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရခိုင်ပြည်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ရခိုင် အကြံပေး ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါနေတဲ့အတွက် နိုင်ငံရဲ့ အချုပ်အခြာ အာဏာထိပါးနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေရှိပေမဲ့လို့ ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ တင်းမာမှုတွေကို လျော့ချပေးပြီး ဖွံဖြိုးတိုးတက်ရေးကိုသာ ရှေးရှု့သွားမှာဖြစ်တယ်လို့ မစ္စတာ ကိုဖီအာနန်က ပြောဆိုထားပါတယ်။

ရခိုင်ကော်မရှင် အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာနနဲ့ ကိုဖီအာနန် ဖော်ဒေးရှင်းတို့ ပူးပေါင်းကာ နက်နဲရှုပ်ထွေးပြီး အတိမ်းအစောင်းမခံတဲ့ ရခိုင်ပြည်တွင်းက ပဋိပက္ခတွေကို ညှိုနှိုင်းအဖြေရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သြဂုတ်လ အတွင်းက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်တွင်း မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာပြီးနောက် တွေရှိချက်တွေကို ၁၂ လအတွင်း အစိုးရထံ အစီရင်ခံစာတစ်ရပ် တင်သွင်းရမှာဖြစ်ပြီး၊ ရှေ့နှစ်ဆန်းမှာလည်း ကြားဖြတ်အစီရင်ခံစာ တင်သွင်းလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG