သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် ရခိုင်ပြည်သွားမယ်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် (စက်တင်ဘာလ ၂၀၁၆)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် (စက်တင်ဘာလ ၂၀၁၆)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မနက်ဖြန် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ရှိပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာဖို့ရှိနေပါတယ်။ မစ္စတာ အာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ်အခြေအနေတွေကို မပြတ် စောင့်ကြည့်ပြီး လေ့လာစမ်းစစ်တာတွေ ရှိနေတဲ့အကြောင်း အဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ မနက်ဖြန် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ရှိနေတာပါ။ မစ္စတာ အာနန်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက အခုလို ပြောပါတယ်။

“ရခိုင်ကိုတော့ သွားဖို့ရှိပါတယ်၊ ဒီမှာရောက်ပြီးတော့ ဒီမှာလည်းဆွေးနွေးကြမှာပါ။ ဆွေးနွေးပြီးတဲ့အခါမှာ အဲဒီဘက်ကို ခရီးထွက်ဖို့ရှိပါတယ်။ ညှိနှိုင်းတုန်းပဲပေါ့နော် အကြမ်းဖျင်းပေါ့နော် ၊ ဒီမှာ တွေ့ဆုံကြမယ်၊ ဆွေးနွေးကြမယ်၊ ရခိုင်ပြည်ကိုသွားကြမယ်၊ စစ်တွေမြို့ကိုသွားမယ်ပေါ့နော်၊ အဲဒီကနေမှ တခါ ခရီးအစီအစဉ်လေးတွေလည်း ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်။ အဲဒီတော့ သေချာအတိအကျ မသိသေးတဲ့အခါမှာတော့ ပြောလို့တော့ မသင့်သေးပါဘူး။”

မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ ကိုဖီအာနန်ကိုယ်တိုင်ကလည်း သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးထားပါတယ်။ မကြာခင်က အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ နယ်စပ်ဒေသက လူမှုအသိုင်းအဝိုင်းတွေ အပါအဝင် ဒေသတွင်း ဘက်ပေါင်းစုံက အရပ်ဘက် လူမှုခေါင်းဆောင်တွေနဲ့ သူ တွေ့ဆုံသွားမယ်လို့ မစ္စတာ အာနန်က ရေးသားထားပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြ ကလည်း လောလောဆယ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို မပြတ်စောင့်ကြည့်ပြီး ဘက်ပေါင်းစုံက လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့အမြင်တွေကို နားထောင်တာ၊ အခြေအနေကို လေ့လာသုံးသပ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ ကျနော်တို့ ဘက်စုံပေါ့နော် ၊ ရခိုင်ဘက်က အဖွဲ့ကရော၊ ဟိုဘက်က အဖွဲ့အစည်းကရော၊NGO တွေ၊INGO တွေ စသဖြင့် ဖိတ်ခေါ်ပြီးတဲ့အခါမှာ သူတို့ပြောကြားချက်လေးတွေကို ကျနော်တို့ မှတ်သားတာပေါ့နော်။ သူတို့အမြင်ကလေးတွေ သိရှိအောင်ဆိုပြီးတော့ အဲဒီလိုလုပ်ပါတယ်။ အခု ကိုဖီအာနန်လာတဲ့အခါမှာလည်း အလားတူပဲပေါ့နော် ကျနော်တို့ ရခိုင်အဖွဲ့ ဟိုဘက်က မူဆလင်အဖွဲ့ စသဖြင့်တွေ့ဆုံပြီးတော့ သူတို့ရဲ့အမြင်လေးတွေနဲ့ ပတ်သက်ပြီးတော့ ကြားနာဖို့ ရှိပါတယ်။ အသေးစိတ်တော့ ကျနော်ပြောလို့မရသေးဘူး သူတို့နဲ့ တွေ့မှာမှ မဟုတ်သေးပဲကို။”

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခဒေသတွေကို သွားရောက် လေ့လာဖို့ စီစဉ်ခဲ့ပေမဲ့ မောင်တောဒေသ အကြမ်းဖက်ဖြစ်ရပ်ကြောင့် ခရီးစဉ်တချို့ ဖျက်ခဲ့ရတာလို့လည်း ဦးဝင်းမရက ပြောပါတယ်။

“ကော်မရှင်အဖွဲ့ကနေပြီးတော့ အောက်တိုဘာလတုန်းက သွားဖို့ အစီအစဉ်ရှိခဲ့သေးတယ်လေ။ ကိုဖီအာနန်ကတော့ အဲဒီတုန်းက မလာနိုင်ဘူးပေါ့နော်။ ဒီအဖွဲ့ထဲကနေပြီးတော့ နိုင်ငံခြားသား ၂ ယောက်ပါတာပေါ့။ သူတို့နဲ့ ဒီဘက်က ၆ ယောက်နဲ့ ရခိုင်ပြည်ဘက်ကို သွားဖို့ဆိုတဲ့ အစီအစဉ်လေးတွေရှိခဲ့တယ်။ အဲဒီမှာ ရုတ်တရက် မောင်တောကိစ္စဖြစ်သွားတဲ့အခါမှာကျတော့ အဲဒီဘက်ကိုတော့ မသွားနိုင်ခဲ့ဘူးပေါ့နော်၊ စစ်တွေ လောက်ပဲသွားတယ်။ ဒီမှာ တတ်နိုင်သမျှ ရန်ကုန်မှာပဲ ခုနပြောသလို အဖွဲ့အစည်း ၂ ရပ်ရဲ့ NGO ၊ INGO တွေ နဲ့တွေ့ဆုံပြီးတဲ့အခါမှာ သူတို့ရဲ့ အမြင်လေးတွေကို တက်နိုင်သမျှ ကျနော်တို့ နားထောင်ခဲ့တယ် ဒါပဲ လုပ်ခဲ့လို့ ရပါတယ်။”

ရခိုင်ပြည်နယ်တွင်း နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ ပြဿနာကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းပြီး အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က တိုက်တွန်းတဲ့ ကြေညာချက် တစောင်ကို ဒီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တွေ့ရှိတဲ့အချက်အလက်တွေနဲ့ အကြံပြုချက်တွေကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြသွားမှာဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဖွဲ့ရာမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိပေမဲ့လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအပေါ်မှာ မစိုးရိဖို့ ပြောဆိုထားပါတယ်။ မစ္စတာ အာနန်ကလည်း ကော်မရှင်အနေနဲ့ ကော်မရှင်အနေနဲ့ လေ့လာသုံးသပ်မှုတွေကို ဘက်မလိုက်ဘဲ အမှန်ကန်ဆုံး ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောထားပါတယ်။

ကိုဖီ အာနန် ရခိုင်ပြည်သွားမယ်
please wait

No media source currently available

0:00 0:03:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG