သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အကြံပေးကော်မရှင် အပေါ်အမြင်တချို့


ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan
ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan

ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ဘယ်လို အကြံပေးချက်တွေ ပေးလာမလဲဆိုတာကို စောင့်ကြည့်လေ့လာဖို့ အချိန်ပေးရမှာဖြစ်ကြောင်း ၈၈မျိုးဆက်ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။ တချိန်ထဲ မှာပဲ ဒီ အကြံပေးကော်မရှင်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်က ကြိမ်မီးအုံးနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို NLD အစိုးရက ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီ အကြံပေးကော်မရှင်က ဘယ်လိုမျိုး အကြံပေးလာမလဲဆိုတာကို လေ့လာနိုင်ဖို့ အချိန်ပေးရမှာဖြစ်ကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပြောကြားလိုက်တာပါ။

“ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စက တော်တော်လေးကို တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန်ကြီးလေးတဲ့ ပြဿနာ တခုဖြစ်ပါတယ်။ ဒီစုံစမ်းရေးကော်မရှင်က မှန်မှန်ကန်ကန်မျှမျှတတနဲ့ ပြေလည်နိုင်တဲ့လမ်းစမျိုး အကောင်းဘက်က ချည်းကပ်ပြီး ဖြေရှင်းတဲ့ ပုံသဏ္ဌာန် မျိုးတွေ့ရှိခဲ့လို့ရှိရင်တော့ တိုင်းပြည်ကလက်ခံမှာဖြစ်သလို ၊ အကျိုးယုတ်နိုင်တဲ့ အကြံဉာဏ်မျိုးဖြစ်ခဲ့လို့ရှိရင်လည်း တိုင်းပြည်က လက်ခံမှာမဟုတ်ပါဘူး။"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ထဲမှာပါတဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan အပါအဝင်၊ လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဂါဆန်ဆလမ်နဲ့ ကုလသမဂ္ဂ AIDS အစီအစဉ် အထူးအကြံပေး ဗန်ဒန်အာဆမ် စတဲ့ နိုင်ငံခြားသားတွေဟာ ရခိုင်ပြည်နယ်ရဲ့ နောက်ခံသမိုင်းကြောင်းရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကိုပါ နားလည်နိုင်မှာ မဟုတ်တာကြောင့် ဒီလို နိုင်ငံခြားသားပုဂ္ဂိုလ် တွေနဲ့ ဖွဲ့ထားတဲ့ ကော်မရှင်ကို ဖျက်သိမ်းသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က အစိုးရကို စာရေးသားကန့်ကွက်ခဲ့ပါတယ်။ အဖွဲ့ဝင် ၉ ဦး ပါတဲ့ အဲဒီကော်မရှင်ထဲမှာ နိုင်ငံခြားသား ၃ဦးအပြင်၊ မြန်မာ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ စတဲ့ ထင်ရှားသူ မြန်မာနိုင်ငံသား ၆ ဦးတို့လဲ ပါဝင်တာဖြစ်ပါတယ်။

ANP ပါတီက ကန့်ကွက်နေတဲ့ တချိန်ထဲမှာပဲ ပြည်ခို်င်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတို့ကလည်း ဒီကော်မရှင်ကို ကန့်ကွက်တဲ့ ကြေညာချက်တွေကို သြဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံခြားသားတွေပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်း လိုက်တာဟာ ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် ဦးတည်နေခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲလိုက်ပြီး၊ အမျိုးသားရေးနဲ့ နိုင်ငံတော် လုံခြုံရေးကိစ္စကို လျှစ်လျှူရှုလိုက်သလို ဖြစ်နေကြောင်းလဲ ထောက်ပြထားပါတယ်။

မြန်မာပြည်အကြောင်းကို ထဲထဲဝင်ဝင်မသိတဲ့ နိုင်ငံခြားသားတွေ ဦးဆောင်မယ့် ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားထက် လူ့အခွင့်အရေး ရှုထောင့်ဘက် ပိုပြီးအလေးပေးမှာကို စိုးရိမ်မိကြောင်း NDF ပါတီကလည်းပြောပါတယ်။ ဒါ့ကြောင့် ဒီကော် မရှင်ရဲ့လုပ်ရပ်တွေကို အမျိုးသားလုံခြုံရေးအသိနဲ့ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ကြေညာချက်အသီးသီးမှာ ဖေါ်ပြထားပါတယ်။

ဦးမြအေးကတော့ မြန်မာနိုင်ငံရဲ့တချို့ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် နိုင်ငံတကာရဲ့ အကူအညီ လိုအပ်ကြောင်း သုံးသပ် ပါတယ်။

“နိုင်ငံတွေတိုင်းမှာ ကိုယ့်ဟာကိုယ်ဖြေရှင်းလို့ရတဲ့ပြဿနာတွေရှိသလို နိုင်ငံတကာ အကူအညီနဲ့ ဖြေရှင်းရတဲ့ အခြေအနေတွေရှိပါတယ်။ ကျနော့်အမြင်ကတော့ ဒီမိုကရေစီတက်လှမ်းတဲ့ အခါမှာ အမျိုးသားအကျိုးစီးပွားကိုပစ်ပယ်လို့မရသလို လူ့အခွင့်အရေးဆိုတဲ့ဟာကို ပစ်ပယ်လို့မရဘူးလို့ ကျနော်မြင်ပါတယ်။ မှန်ကန်မျှတတဲ့အဖြေတခုကို ရှာနိုင်ဖို့က ပိုအရေးကြီးတယ်လို့မြင်တယ်။ နောက်တခုက ဒီပြဿနာကို ကျနော်တို့ဘက်ကရော ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အဖြေရှာနိုင်တဲ့အဆင့် ၁ ဆင့်ကို ကျနော်တို့ ပြနိုင်ရမယ်လို့ မြင်တယ်။ ဒါမကြိုက်ဘူး ဟုတ်ပြီ ဒါမကြိုက်ရင် ဒါဘယ်လိုရှိသင့်တယ် ဆိုတာကိုပြောရမယ်။"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို စက်တင်ဘာလဆန်းမှာ စတင်မှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဇွန်လနောက်ပိုင်းမှာ အစိုးရကို နောက်ဆုံးအဆင့် အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG