သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် ရခိုင်ပြည်နယ်ကို လာတော့မည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ လာမယ့် သတင်းပတ်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပြီး ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြဖို့လည်း စီစဉ်ထားတာပါ။ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အကြီးအကဲ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို နောက်သတင်းပတ်တွင်းမှာ ရောက်ရှိလာမှာ ဖြစ်ပြီး ရခိုင်ပြည်နယ် အရေး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်တင်ပြဖို့ ရှိနေတာပါ။ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ပါတယ် ၆ ရက်နေ့ လာပါ့မယ်၊ ၆ ရက် - ၇ ရက် ။ အစီအစဉ်ကတော့ သူနဲ့ ဒီ ကော်မရှင်မှာပါတဲ့ အဖွဲ့ပေါ့နော် ကော်မရှင် တဖွဲ့လုံး ရခိုင်ပြည်နယ်ကိုလာမှာပေါ့ ။ လာပြီးတော့ ဒီမှာရှိတဲ့ stakeholders တွေအားလုံးနဲ့ လာပြီးတော့ မိတ်ဆက်တာပေါ့ မိတ်ဆက်ပြီးရင်တော့ ပြန်မှာပေါ့ ။ နီးတဲ့အခါကျမှ ကျနော်တို့ စီစဉ်ပါ့မယ်ဗျ အခုကတော့ ကျနာ်တို့ မစီစဉ်သေးပါဘူး။ နီးတဲ့အချိန်ကျမှပဲ ကျနော်တိုပ စီစဉ်ပါ့မယ် ကျနာ်တို့ တွေ့မယ့်နေရာတို့ကို စီစဉ်ပါ့မယ်။”

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် နည်းလမ်းရှာနေတဲ့ မြန်မာ အစိုးရက ရခိုင်အရေး အကြံပေး ကော်မရှင်ကို ဖွဲ့စည်းဖို့ စီစဉ်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံခြားသား ၃ ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တနှစ်အတွင်း အစီရင်ခံတင်ပြဖို့ ဖြစ်ပါတယ်။ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးလည်း ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့လေ Stakeholders ဆိုတာတော့ အကုန်လုံးပဲပေါ့လေ ရခိုင်ပါတီရယ်မဟုတ်ပါဘူး။ အကုန်လုံးပါပဲ ကျနော်တို့ အကုန်လုံးနဲ့ တွေ့ဆုံမှာပါ ။ တွေ့ဆုံတဲ့အခါမှာတော့ လောလောဆယ်တော့ ဒီ ကော်မရှင်ဥက္ကဋ္ဌ လူတွေနဲ့တော့ အရင်ဆုံးမိတ်ဆက်တဲ့ သဘောပါပဲ ဒီကိုလာပြီးတော့ လာရောက်ပြီးတော့ တွေ့ဆုံမိတ်ဆက်တယ်။ နေယင်ပြီးတော့ ဒီမှာသူက အမြဲနေမှာလည်း မဟုတ်ပါဘူး။ နောက်တော့ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျန်တဲ့ တိုင်းရင်းသားကော်မရှင်အဖွဲ့ဝင်တွေနဲ့ပဲ ဆက်ပြီးတော့ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။”

ရခိုင် အရေး အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း အမတ်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အပါအဝင် အရင် အစိုးရဟောင်းဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တို့လို နိုင်ငံရေး ပါတီတွေကလည်း ကန့်ကွက်ကြတာပါ။ ရခိုင်ပြည်နယ် အစိုးရကတော့ အခု ကော်မရှင်ကို အပြုသဘော လက်ခံ ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဒါကတော့ အပြုသဘောလုပ်ဆောင်မယ့်ကော်မရှင်ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ ခုနကပြောသလို ဒီဟာကိုဆန့်ကျင်တဲ့ အုပ်စုတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါအားလုံးကတော့ အပြုသဘောဆောင်ပြီးတော့ အကောင်းဆုံးဖြစ်မယ်လို့ မျှော်မှန်းထားကြပါတယ်။”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်တာဟာ ပြည်တွင်းရေးကို နိုင်ငံတကာ အရေးသဖွယ် ဖြစ်သွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်နဲ့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းထားတာ ဖြစ်ပြီး ဆွေးနွေးကြဖို့လည်း ရှိနေတာပါ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့မှာတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယကဒေါက်တာသာလှရွှေ ၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ကဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဌဒေါ်စောခင်တင့်၊ တို့နဲ့အတူကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာနယ်သာလန် သံအမတ်ကြီးဟောင်းလက်တီတီရာဗန်ဒန် အာဆမ် တို့အပါ အဝင် မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံခြားသား ၃ ဦး တို့နဲ့ ဖွဲ့စည်း လိုက်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG