သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု မြန်မာလူငယ်နှစ်ဦး အယူခံ ပယ်ချခံရ


လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦး
လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦး

ဗြိတိသျှ လူငယ်၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦးရဲ့ အမှု အတွက် အယူခံချက် အယူခံတရားရုံးကမတ်လ ၁ရက်နေ့ မှာ ပယ်ချလိုက်ကြောင်း ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ အလုပ်အတူလုပ်ဆောင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်က ပြောဆိုလိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ဦး ကိုသေဒဏ်ပေးလိုက်ပြီးတဲ့ နောက်မှာတော့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေက အယူခံ တရားရုံးမှာ စာမျက်နှာ ၁၉၈ မျက်နှာပါတဲ့ အယူခံဖြေရှင်းချက်တွေနဲ့ တရားလိုဘက်က အားနည်းချက်တွေကို တင်ပြထားတာပါ။ ဒီအတွက် အယူခံ တရားရုံးကနေ အစိုးရရှေ့နေတွေဘက်ကို ပြန်လည်မေးခွန်းထုတ်ခဲ့တာကြောင့် အစိုးရရှေ့နေတွေ ဘက်က ချေပချက် တွေပို့ခဲ့တာဟာ ၉ကြိမ်ရှိခဲ့တာပါ။ မတ်လ ၁ ရက်နေ့ မှာတော့ သေးဒဏ်ပေးခံထားရတဲ့ လူငယ် ၂ဦးအတွက် အယူခံကို အယူခံတရားရုံးကနေပယ်ချလိုက်တယ်လို့ ရွေးပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ဥက္ကဋ္ဌ ဦးစိန်ဌေး ကပြောပါတယ်။

“ဒီနေ့မနက်မှာတော့ အယူခံတရားရုံးကနေ စီရင်ချက်ကို တရားခံဘက်ရော ၊တရားလိုဘက်ရော ပြောသွားတာပေါ့နော်။ ဒီနေ့မနက်က တရားလိုဘက်ဖြစ်တဲ့ ခရိုင်ဥပဒေအရာရှိ ကိုခေါ်ပြီးတော့ ကော့်စမွေတရားရုံးမှာ သူတို့စီရင်ချက်ကို ဖတ်ကြားတယ်။ စီရင်ချက်ကတော့ ဘာလဲဆိုတော့ အကျဉ်းချုပ်ပြောရရင်တော့ အစိုးရ ရုံးက စီရင်ချက် အတိုင်းပဲ ဆက်ပြီးတော့ အတည်ပြုတယ်ပေါ့နော် ၊ အဲဒီတော့ သေဒဏ်ပဲဆက်ပြီးတော့ အတည်ပြုတယ်ပေါ့နော်။ အယူခံဝင်ထားတဲ့ အချက်တွေ က မခိုင်လုံဘူးပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၆ မေလ ၂၃ ရက်နေ့တုန်းက တရာခံ အကျိုးဆောင်ရှေ့နေတွေရဲ့ အယူခံ တင်ပြတဲ့ စာရွက်စာတမ်းတွေကို အယူခံတရားရုံးက လက်ခံခဲ့တာပါ။ အယူခံတရားရုံးက ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပွင်းလင်းမြင်သာမူအားနည်းတယ်လို့ ဦးစိန်ဌေး ကဝေဖန်ပြောဆိုပါတယ်။

“ကလေး ၂ ယောက်ကိုတော့ ဒီစီရင်ချက်ကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ကတည်းက ဖတ်ပြပြီးပြီ၊ ဒါပေမယ့် အဲဒီစာမှာ ကလေး၂ယောက်ရဲ့ အကျိုးဆောင်ရှေ့နေတွေပေါ့နော် ၊ ထိုင်းရှေ့နေတွေကို အကြောင်းမကြားဘူးခင်ဗျ ။ တယောက်မှလည်း မသိရဘူး အခုဒီနေ့ ဖတ်ပြတာလည်း ဒီတရားခံတွေရဲ့ရှေ့နေတွေက မသိရဘူး၊ မွန်းလွဲပိုင်းမှာ သတင်းထောက်တွေ က ဖုန်းဆက်မေးမှသာလျှင် သူက သိတာ ။ ဒီအမှုက မြန်မာနိုင်ငံ အစိုးရကော၊ ပြည်သူတွေကရော လုံးဝစိတ်ဝင်စားတဲ့အမှု ၊ အဲဒီလိုပဲ တကမ္ဘာလုံး ကလည်း လုံးဝစိတ်ဝင်စားတဲ့အမှု ။ ဒါပေမယ့် တရားရုံးရဲ့ဆောင်ရွက်ချက်ကတော့ ပွင့်လင်းမြင်သာမှုမရှိဘူး အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ အလေးမထားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်ခင်ဗျ။”

ဒီအမှုနဲ့ ပတ်သက်လို့အယူခံတရားရုံးက ပယ်ချခဲ့ပေမယ့် အမြင့်ဆုံးတရားရုံးတွေကို ဆက်ပြီး အယူခံဆက်တက်သွားဖို့ အတွက်ရှေ့နေတွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

“ရှေ့နေတွေကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အမြင့်ဆုံးတရားလွှတ်တော်ချုပ်ကို အယူခံ ဆက်တင်ဖို့အတွက် သူတို့ စီစဉ်ဆောင်ရွက် သွားဖို့အတွက် ရှိပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆို ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နှိပ်စက် မှုတွေကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆို ခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီး ထားပြီး ကော့စမွေတရားရုံးကနေ အမှု ၇မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG