သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မြို့ လုံခြုံရေးအထူးတင်းကြပ်


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကိုအစိုးရတပ်မတော်က လုံခြုံရေး အပြည့်ချထားလိုက်ပြီး တိုက်ပွဲဟာ ဒီကနေ့တော့ ငြိမ်သက်သွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။ လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ တရုတ်နိုင်ငံဘက်နဲ့ လားရှိုးမြို့ဘက်တွေကို ထောင်နဲ့ချီ တိမ်းရှောင်နေကြ ပါတယ်။ လောက်ကိုင်မြို့ရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လောက်ကိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ တနင်္လာနေ့ မနက်အစောပိုင်းက အနည်းဆုံးနေရာ ၄နေရာလောက်ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့ခင်းပိုင်း မှာတော့ တိုက်ပွဲတွေဟာ ငြိမ်သက်သွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ လောက်ကိုင်မြို့တွင်းကို အစိုးရတပ်မတော်က လုံခြုံရေးတင်းကျပ်လိုက်ပြီး တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း လောက်ကိုင်မြို့ခံတယောက်က ပြောပါတယ်။

“လုံခြုံရေးကတော့ စစ်တပ်ဘက်က မြို့တွင်းလုံခြုံရေး တပ်တွေဖြန့်ထားတယ်။ တမြို့လုံးတော့ အခြေအနေကောင်းနေပါပြီ ၊ အကုန်လုံး တပ်ဖြန့်ထားပါတယ်။ တိုက်ပွဲတွေတော့ ငြိမ်သွားပါပြီ။”

မြို့အတွင်းမှာ တပ်မတော်က သံချပ်ကာယာဉ်တွေနဲ့ လှည့်ပတ်နေတာတွေ တွေ့ရသလို ဈေးဆိုင်အချို့လည်း ပြန်ဖွင့်နေတာတွေ့ရကြောင်းလည်း ဆက်ပြောပါတယ်။

လောက်ကိုင်မြို့အတွင်းမှာ တိုက်ပွဲတွေငြိမ်သွားပေမဲ့ လောက်ကိုင်မြို့ကို လာရောက် အလုပ်လုပ်ကိုင်သူတွေ ဟာ နေရပ်ပြန် တိမ်းရှောင်နေကြကြောင်းလည်း လောက်ကိုင်-လားရှိုး ကားပြေးဆွဲနေသူတဦးက ပြောပါတယ်။

“ကျနော်တို့အခု ၁၂ဘီး ၆ စီး ၊ အဲဒါတောင်မကသေးဘူး နောက်မှာလည်း ထပ်တင်နေသေး တယ် လူတွေကတော့ အခုလားရှိုးမှာ လည်းရောက်တဲ့ လူတွေကတော့ ရောက်ကုန်ပြီ ။ အားလုံး ၄၀၀၀ - ၅၀၀၀ လောက်တော့ ရှိတော့မယ်ထင်တယ်။ အခုကျနော့်ကားပေါ်မှာ အယောက် ၅၀ ကျော်ပါတယ်။ အလုပ်သမားတော့အစုံပဲပေါ့နော် ကုန်တင်ကုန်ချလုပ်တဲ့လူတွေလည်းပါတယ်။ အဲဒီလူတွေများတယ် နောက်ကားပေါ်မှာ ဒီဘက် မန္တလေးဘက်ကိုပြန်ဖို့ သူ့နယ်တွေကိုပြန်ဖို့အတွက် လောလောဆယ်အခြေအနေကတော့ အခက်အခဲဖြစ်နေတယ်ပေါ့ အကို၊ တရုတ်ပြည်ဘက်ကို ဝင်တဲ့လူတွေတော့ရှိတယ်ဗျ အောက်ပိုင်းကိုဆင်းပြီး တရုတ်ပြည်ဘက်ကို ဝင်တာတွေလည်းရှိတယ်။ အဲဒါကတော့ မြန်မာတွေမဟုတ်ဘူးပေါ့ တရုတ်တွေပဲပေါ့။”

လောလောဆည်မှာ လောက်ကိုင်မြို့က အထွက်ကားတွေကို ခွင့်ပြုပြီး အဝင်ကားတွေ ကိုတော့ တားမြစ်ထားတယ်လို့လည်း ပြောပါတယ်။

လောက်ကိုင်က လာသူတွေကိုတော့ လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်း မှာ ခေတ္တနေရာချထားပြီး နောက် မန်ဆူဆရာတော်ကသက်ဆိုင်ရာအရပ်က တာဝန်ယူ ပို့ဆောင်ပေးနေတယ်လို့ လားရှိုးမြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ ဦးမောင်မောင်သန်း က ပြောပါတယ်။

“ဒီနေ့မနက် ၁ နာရီကနေ အခုညနေ ၄ နာရီခွဲအထိ အားလုံး ၂၆၄ ဦး ရှိပြီဗျာ အခု ၄ နာရီခွဲအထိပေါ့နော် ၂၆၄ ဦး ရှိပြီဗျာ။ အဲဒီမှာ ၄ နာရီက ကျနော်တို့ တသုတ်ပို့လိုက်တာ ၁၃၇ ဦး ပို့လိုက်ပါပြီခင်ဗျ။ နေရပ်ဒေသကို သူတို့ရွာကို ခဏနေကျရင်လည်း ဒီညကို ထပ်ဝင်ဖို့ရှိတယ်။ ကား ၅ စီး၊ ၆ စီးလောက်ထွက်လာပြီ ၃ နာရီလောက်က သတင်းရထားတယ်။ သူတို့ကို ကျောင်းမှာပဲ အိပ်ခိုင်းမယ် ၊ ညထမင်းကျွေးမယ် ၊ ကျွေးပြီးရင် ပြန်လွှတ်ပေးမယ် ကားစီစဉ်ပေးမယ်ပေါ့နော်။”

တနင်္လာနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၅ယောက်နဲ့ အရပ်သား ၆ယောက်သေဆုံးခဲ့သလို ကိုးကန့်တပ်ဖွဲ့က မီးရှို့ထားတဲ့ အလောင်း ၂၀လောက်ကလည်း သိမ်းဆည်းရမိကြောင်း နိုင်ငံတော်သမတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေ ပါဝင်စေရေးနဲ့ ၂၁ရာစုပင်လုံကို တက်ရောက်နိုင်ရေး ညှိနှိုင်းနေကြောင်း၊ ဒေသခံတွေ ကို သေကျေထိခိုက်စေပြီး အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခကြုံတွေ့စေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီကို ဦးတည်ရေးအတွက် တိုက်တွန်းထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ သူတို့တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က စစ်ရေးအရ ဖိအားပေး ထိုးစစ်ဆင်နေတာကြောင့် အခုလို ပြန်လည် တိုက်ခိုက်တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက တရုတ်မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေး အတွက် လည်း နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ ကို အမြန်ဆုံးရပ်ဆိုင်းပြီး မတူညီတဲ့ အယူအဆတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။ တဆက်တည်းမှာပဲ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံသူတွေကို လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့တွေ ပေးအပ်နေကြောင်းလည်း သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG