သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မြို့တိုက်ခိုက်ခံရ အရပ်သားထိခိုက်သေဆုံးမှုရှိ


၂၀၁၅ လောက်ကိုင် တိုက်ပွဲကြောင့် ဒေသခံများ ထွကေ်ပြးလာစဉ်
၂၀၁၅ လောက်ကိုင် တိုက်ပွဲကြောင့် ဒေသခံများ ထွကေ်ပြးလာစဉ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဒီကနေ့ မနက် ၁နာရီကျော်လောက်က စပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမှာ နေ့ခင်း၁၂နာရီလောက် အထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။လောက်ကိုင်မြို့အနီး တကျော့ပြန်ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးတာတွေလည်း ရှိသလို လောက်ကိုင်မြို့အနီး နယ်စပ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသမြောက်ဖက်ခြမ်းမှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ရာက ဒီကနေ့ မနက် အစောပိုင်းမှာတော့ တိုက်ပွဲတွေဟာ လောက်ကိုင်မြို့အထိ ပျံ့နှံ့လာတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ တပ်မဟာ ၂၁၁က အရာရှိတဦးက အခုလို ပြောပါတယ်။

“မနေ့က ၁၂ နာရီကျော်ကျော်လောက်ဖြစ်တယ်။ အခုက လောက်ကိုင်နေရာမှာ အကုန်ဖြစ်တယ်။ လူတော့ တော်တော်ဝင်ပြီးချနေတယ်။”

လောက်ကိုင်ကို ဝင်ရောက်တိုက်ခိုက်တာကတော့ မော်ထိုက်ဒေသဘက်က ကိုးကန့်တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က တိုက်ခိုက်နေတာကြောင့်လို့လည်း ဆက်ပြောပါတယ်။

“တပ်မ ၃ ကလာတဲ့လူ တွေအများကြီး လာချတယ် သူတိုလုပ်တာ ၁ လကျော်တယ်။ ကျနော်တို့နေတဲ့နေရာကို မော်ထိုက်မှာတော့ လေယာဉ်နဲ့ လာပစ်တယ်။ ကျနောတို့လူတွေက အမြဲတမ်းရှိတယ် လောက်ကိုင်မြို့တွေမှာလည်း လူများတယ် ကျနော်တို့က မချချင်လို့ ။ အခုက မြန်မာစစ်တယ်က တလျောက်လုံး ကျနော်တို့ဘက်ကို လာချနေတယ်။”

လောက်ကိုင်မြို့ခံတယောက်ကလည်း လက်ရှိတိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“မနေ့ညက ၁ နာရီခွဲလောက်က စတာပါရှင့်။ ဗုံးသံကတော့ ၁၁ ၊ ၁၂ နာရီအထိလောက်ကို တချက်ကြားနေရသေးတယ်။ သေနတ်သံတော့ ၇ နာရီ ၈ နာရီအထိ သေနတ်သံကြားနေရသေးတယ်။ ကျမကတော့ ဘယ်မှ မသွားရဲဘူး ဒီမှာပဲ နေတယ် ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ဘက်လည်း ပြေးလို့မရဘူး၊ ပိတ်ထားတယ်၊ မြန်မာပြည်ဘက်လည်း မပေးဆင်းဘူး။ ”

ရန်လုံကျိုင်းအသွားလမ်းတောင်ညီနောင်ဖက်မှာလည်း တိုက်ပွဲပြင်းထန်တာကြောင့်
ဒေသခံတချို့ လောက်ကိုင်ကို လာရောက်ခိုလှုံနေကြောင်းနဲ့
လောက်ကိုင်-လားရှိုးကား တွေလည်း အသွားအလာ ရပ်ထားကြောင်း ပြောပါတယ်။
PSLF/ TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့ အထွေထွေအတွင်းရေးမှုး
တာ့ဘုန်းကျော်က လောက်ကိုင်မြို့ မြောက်ဖက်က ကိုးကန့်တပ်မဟာ ၁၁၁မှာလည်း
တိုက်ပွဲပြင်းထန်နေကြောင်း ပြောပါတယ်။

“ဒီနယ်စပ်ဖြတ်တဲ့ဂိတ်မှာရော တလျောက် တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒီမှာလည်း ပြင်းတယ် ပြီးတော့ မြန်မာ့တပ်မတော်ဘက်က ကိုးကန့်ရဲ့ တပ်မဟာ ၁၁၁ နေရာတွေကို အပြင်းအထန် လက်နက်ကြီး ၁၂၀ တွေနဲ့ ပစ်နေတယ်။ ပြန်ထိုးစစ်ဆင်နေတယ်ဆိုတော့ တိုက်ပွဲတွေကတော့ အဓိက အကြီးကြီးတော့ ၂ နေရာ-၃ နေရာဖြစ်နေတာပေါ့။”

လောက်ကိုင်တိုက်ပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ တိုက်ခိုက် တာဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ဆုံးဖြတ်ချက်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။အဓိကတော့ ကိုးကန့်အဖွဲ့က များပါတယ် AA ဘက်ကလည်း ပါတယ်၊ ကျနော်တို့ဘက်ကလည်း တချို့ပါတယ်။ အဓိကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ပါပဲ အဓိကတော့ ကျနော်တို့ ၃ ဖွဲ့ပေါ့။”

ကိုးကန့်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ရာမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က မတ်လ ၆ရက်နေ့ မနက် ၂နာရီက လောက်ကိုင်မြို့အရှေ့ဖက်ကနေ ဝင်ရောက်ပြီး လူနေအိမ်၊ တပ်စခန်း၊ ရဲစခန်းတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သလို လူနေအဆောက်အဦး၊ ဟိုတယ်နဲ့ ကားတွေ ပျက်ဆီးခဲ့ကြောင်း ဖော်ပြပါတယ်။

ကနဦးရရှိထားတဲ့သတင်းအရ မူလတန်းပြဆရာမတဦး၊ ကိုးကန့်ယာဉ်ထိန်းရဲ ၅ဦး၊ ပြည်သူ ၅ဦးသေဆုံးခဲ့သလို ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦး ကို လည်း ဖမ်းဆီးသွားကြောင်း၊ ကိုးကန့်တပ်ဖွဲ့ဖက် မီရှို့ထားတဲ့ အလောင်း ၂၀လောင်း အပါအဝင် လက်နက် ၁၀လက် သိမ်းဆည်းရမိကြောင်း၊ ကိုးကန့်တပ်ဖွဲ့နဲ့အတူ အခြားပူးပေါင်းအဖွဲ့များပါရှိဖွယ်ရှိကြောင်း ဖော်ပြထားသလို တပ်မတေ်ာက နယ်မြေရှင်းလင်းရေးတွေကို ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ KIO/KIA ခေါ် ကချင်၊ ကိုးကန့်၊ ပလောင်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းကတော့ မြောက်ပိုင်းမဟာမိတ်နဲ့ အတူ ဝ၊ မိုင်းလားအပါအဝင် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းစတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ ဟာ ဝဌာနချုပ် ပန်ဆန်းမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၉ဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးကော်မတီနဲ့
ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီလ ၄ ရက်က ကွတ်ခိုင်မြို့နယ်အတွင်းက ပန်လော့တပ်စခန်းကို ကချင်နဲ့ ပလောင်ပူးပေါင်း တပ်တွေဝင်ရောက်တိုက်ခိုက်တာကြောင့် တပ်မတော်သားတချို့ သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG