သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းပစ်ခတ်မှု သတင်းစာရှင်းလင်း


လက်ပံတောင်းပစ်ခတ်မှု သတင်းစာရှင်းလင်း
လက်ပံတောင်းပစ်ခတ်မှု သတင်းစာရှင်းလင်း

ဒီရက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်မူတွေဖြစ်ပွားတဲ့အထိ တင်းမာမူတွေဖြစ်ပွားခဲ့တဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆာလင်းကြီးမြို့နယ် ရဲအာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒေသခံတွေဘက်က လောက်လေးခွ နဲ့ စတင်ပစ်ခတ်တာကြောင့် သေနတ်တွေနဲ့ပြန်လည်ပစ်ခတ်တာလို့ ရှင်းလင်းခဲ့ပြီးဒေသခံ ၅၀ ထက်မနည်း ကို ပုဒ်မ၄ခုနဲ့ တရားစွဲဆိုထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက်အသုံးပြုမယ့် ကျောက်သယ်ဆောင်တဲ့ ကားတွေကို တားဆီးရာကနေ သေနတ်နဲ့ ပစ်ခတ်တွေဖြစ်ပွားခဲ့ပြီး ၃ရက်အကြာမှာတော့ ဆာလင်းကြီးမြို့နယ် ဒုရဲမှူးနဲ့ အထွေအထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့တဲ့ မုံရွာ အခြေစိုက်သတင်းထောက်တဦးဖြစ်တဲ့ ကိုကောင်းခန့်လင်းက အခုလိုပြောပြပါတယ်။

“ဆာလင်းကြီးမြို့နယ်ရဲမှူးဌေးဝင်းကနေပြီးတော့ ဒေသခံ တွေကနေပြီး လေးခွနဲ့ စပြီးတော့ ပစ်တဲ့အတွက် သူတို့ကနေပြီးတော့ အင်အားသုံးဖြိုခွင်းရတာဖြစ်တယ်လို့ပြောတယ်။ ကျည်ဆံတွေက ဘယ်က ကျည်ဆံတွေလည်းဆိုပြီးတော့ ကျနော်မေးတဲ့အခါကျတော့ အဲဒီမှာ သူက တူရကီနိုင်ငံထုတ်ကျည်ဆံတွေနဲ့ပေါ့နော် အချက်ပေါင်း ၆၀ ကျော် ပစ်ခတ်မှုရှိတယ် နောက်မျက်ရည်ယိုဗုံး ၂ ခုနဲ့ ပစ်တာတွေရှိတယ်။ အဲဒီမှာ ဒေသခံတွေရဲ့ လေးခွနဲ့ပစ်တဲ့အခါမှာ သူတို့ရဲအင်အား ရဲ ၆ ယောက်လောက် ဒဏ်ရာရတယ်လို့ပြောပါတယ်။ ဘာကြောင့် ဒီလိုမျိုး အင်အားသုံးဖြိုခွင်းရတာလဲ ဆိုပြီးမေးတဲ့အခါကျတော့ သူတို့ပြောတယ် အထက်က အမိန့်ကြောင့် လုပ်ရပါတယ်လို့ပြောတယ်ခင်ဗျ။ ဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းလို့ရော မရနိုင်ဘူးလားလို့ပြောတဲ့အခါကျတော့ အဲဒီလိုလုပ်ဖို့လည်း သူတို့အဆင်မပြေတာကြောင့် အထက်အမိန့်ညွန်ကြားချက်အရ သူတို့လုပ်ရတာပါလို့ ပြောပါတယ်ခင်ဗျ။ နောက်တခုထူးခြားတာက ဒေသခံတွေ ဒီလို ပစ်တာက သဘောရိုးနဲ့ ပစ်တာပါလို့ ရဲမှူးကိုယ်တိုင်ကတော့ ပြောပါတယ်ခင်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အသုံးပြုတဲ့ကျောက် ကျောက်သယ်ဆောင်တဲ့ကားတွေကို ခွင်ပြုချက်မရပဲ သယ်ဆောင်ထုတ်ယူမူတွေလုပ်တာကြောင့်ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်အရ ကျောက်သယ်ထုတ်လုပ်မူတွေကို မတ်လ ၂၆ ရက်နေ့ကအကန့် အသတ်မရှိပိတ်သိမ်းလိုက်ပါတယ်။ဒီလိုပိတ်ပင်လိုက်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် တင်းမာမူဖြစ်နေမှု အခြေအနေတချို့ကိုလျော့ချနိုင်ခဲ့ပေမယ့် ဒေသခံတွေကို တရားစွဲဆိုကိစ္စတွေ ကိုတော့ အာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေတာပါ။

“ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ လက်ပံတောင်းတောင် ဒေသခံတွေပေါ့နော် ဒေါ်သန်းမြနဲ့ ဦးဝင်းကျော်ခေါင်းဆောင်တဲ့ ဒေသခံ လူဦးရေ ၅၀ ကျော်ကို သူတို့က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုအနေနဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတာ ရှိပါတယ်ခင်ဗျ။”

သတင်းစားရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် မေးမြန်းလို့ မရခဲ့ပါဘူး။

မတ်လ ၂၇ ရက်နေ့မှာ ပဲခူးတိုင်း၊ ပြည်မြို့မှာလက်ပံတောင်းတောင်မှာ သေနတ်နဲ့ ပစ်ခတ်မူနဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ နဲ့ ကုမ္ပဏီတွေကြားမှာ ၂၀၁၁ခုနှစ်လောက်က စပြီးတင်းမာမူတွေဖြစ်လာတာပါ။ ဒီအတွက် လက်ပံတောင်းကြေးနီစီမံကိန်း အနီးကကျေးရွားတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။ ရှေးဟောင်းသာသနီကအဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်းကိုဖြိုဖျက်ပြီးလုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ သံဃာအများစုပါတဲ့ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြခဲ့တာကြောင့် ၂၀၁၂ခုနှစ်မှာ နှိမ်နင်းခံခဲ့ရပါတယ်။ အဲဒီကာလမှာ သံဃာအပါး ၁၀၀လောက်ဟာနှိမ်နင်းမူတွေ အတွင်း မီးလောင် ဒဏ်ရာတွေ ရခဲ့တာပါ ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စစ်ဆေးပြီး အစီရင်ခံစာ ထွက်ခဲ့ပါတယ်။

ဒီစီမံကိန်းကို အရင်တုန်းကတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီပွာရေးဦးပိုင်ကုမ္ပဏီလိမီတက်တို့ ကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေယူဖို့ ဆုံးဖြတ်ထားပါတယ်။

အစိုးရသစ်လက်ထက် ပြီးခဲ့တဲ့ ၉ လအတွင်းမှာ နိုင်ငံတော်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၂၀ ဝင်ငွေ ရရှိခဲ့တယ်လို့ မကြာခင်ကပဲမြန်မာ အစိုးရဘက်က ထုတ်ပြန်ထားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ ဒေသခံတွေရဲ့ ကန့်ကွက်မူတွေ ပြင်းပြင်းထန်ထန် ကြုံ နေရတာပါ ။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပွင်းလင်းမြင်သားမူရှိဖို့ နဲ့ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ ဒေသခံတွေရဲ့မြေယာတွေသိမ်းပြီး လုပ်ဆောင်နေတဲ့ စီမံကိန်းကို ကန့် ကွက်မူအရှိန် က တစထက်တစမြင့်တက် လာပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်တိုင်ဖြေရှင်းဖို့ အခက်အခဲရှိနေတာကြောင့် ပြည်ထောင်စုလွတ်တော်ကိုတင်ပြီး ဆုံးဖြတ်ရမယ်လို့ လည်းစစ်ကိုင်းတိုင်းဆားလင်းကြီး မြို့နယ်ထဲက လွတ်တော်ကိုယ်စားလှယ်တွေက ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG