သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကြေးနီစီမံကိန်း ဒေသခံတွေနဲ့ တင်းမာ


ဒေသခံတွေရဲ့ကန့်ကွက်မူကိုကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်လာတဲ့ ကြေးနီတွေသယ်ဆောင်လာတဲ့ ကား၅စီးကို ဖေဖော်ဝါရီ ၂၁ရက်နေ့ ကတည်း ဒေသခံတွေက တားဆီးထားပြီး ထွက်ခွာခွင့်မပေးပဲ စီမံကိန်းရပ်တန့်ဖို့ နဲ့ သီးနံှလျော်ကြေးပေး ဖို့ တောင်းဆိုတာကြောင့်တင်းမာမှုတွေဖြစ်နေပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်း လွတ်တော်ကိုယ်စားလှယ်ဒေါက်တာသိန်းနိုင်က ကြားဝင်ပြီး ကြေးနီတွေ တင်လာတဲ့ ကားတွေ ကိုပြန်လွတ်ပေးဖို့ သာ ပြောဆိုခဲ့ပေမယ့် ပြေလည်မူမရသေးပါဘူး။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကနေ ကြေးနီးတင်ဆောင်လာတဲ့ကားတွေ ကို မိုးကြိုးပြင်အလယ်ရွာမှာ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ကတည်းက ဒေသခံတွေက တားဆီးပြီး ကန့်ကွက်နေကြတာပါ။ဖေဖေါ်ဝါရီလ ၂၁ရက်နေ့မှာကော ၂၂ရက်မှာပါ ဆားလင်းကြီးမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် လာရောက်ဆွေးနွေးခဲ့ပေမယ့် ပြေလည်မူမရသေးဘူး လို့ဆွေးနွေပွဲမှာပါတဲ့ ဒေသခံ သံဃာတပါးကပြောပြပါတယ်။

“အားလုံး ၅ စီးရှိတယ် ရပ်ထားတုန်းပဲ ဦးပဉ္စဉ်း တို့စီက။ ဒီလို အာမခံမှု တာဝန်ယူမှုမရှိသေးတဲ့အတွက် ဦးပဉ္စဉ်းတို့က ပြန်မလွှတ်သေးဘူးလေ။ ဒီနေ့ ဆားလင်းကြီးလွှတ်တော်အမတ် ဒေါက်တာသိန်းနိုင်လာပြီးတော့ ဆွေးနွေးသွားတယ်ပေါ့၊ ဒီကားတွေပြန်လွှတ်ပေးဖို့ကို ပြောသွားတာ၊ ဦးပဉ္စဉ်း တို့က ပြန်မလွှတ်ပေးနိုင်သေးဘူး။ ဦးပဉ္စဉ်း တို့က ဒီဝန်ကြီးနဲ့ တွေ့ဆုံဖို့အတွက်ကို မုံရွာလွှတ်တော် ၊ တိုင်းရုံးမှာပေါ့ တွေ့ဖို့ ဆိုပြီးတော့ ဦးပဉ္စဉ်း တို့ ၂၅ ရက်နေ့ ကို တွေ့ဖို့ ချိန်းထားတယ်။ ဦးပဉ္စဉ်း တို့က တောင်းဆိုထားတာ က ဝမ်ပေါင်ဘက်က အရာရှိတွေရယ်၊လွှတ်တော် ကိုယ်စားလှယ်ထဲကဆိုရင် တိုင်းဝန်ကြီးတွေရယ် ၊ ဦးပဉ္စဉ်း တို့ဒီနယ်ခံ ပြည်သူတွေရယ်။ ဦးပဉ္စဉ်း တို့ကလိမ်ခံရပေါင်းများပြီလေ၊ ပထမတခေါက်တုန်း ကလည်း ဆွေးနွေးမယ် ဆိုပြီးတော့ ဆားလင်းကြီးရုံးကိုခေါ်သွားတယ်။ ဟိုဘက်ရောက်လည်း ရောက်သွားရော ဝမ်ပေါင်ဘက်ကလည်း မလာဘူး၊ NLD ပါတီကလည်း တာဝန်ရှိတဲ့သူတွေလည်း မလာဘူး။ အဲလိုနဲ့ အလိမ်ခံရပေါင်းများပြီလေ။”

နစ်နာကြေးမယူထားတဲ့မြေယာတွေမှာ ခြံစည်းရိုးခတ်ပြီး စီမံကိန်းကို လုပ်ဆောင်နေတာကြောင့် သီးနှံလျော်ကြေး ကို ပထမဦးဆုံးပေးဖို့နဲ့ စုံစမ်းရေး အစီရင်ခံစာအတိုင်းလုပ်ဆောင်ဖို့ တွေကို တောင်းဆိုသွားမယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

“အဓိကတော့ သီးနှံကြေး အရင်ပေါ့နော် ၊သီးနှံလျော်ကြေးပြီးသွားမှ တခြားဟာတွေကို ထပ်ပြီးတော့ ပြန်ဆွေးနွေးမယ်။ အစားထိုးမြေဧက ၁၉၀၀ တို့၊ မြေရောင်းသင့် မရောင်းသင့်၊ မြေဌားဂရန်ပေါ့ အဲဒါတွေ ပြန်ဆွေးနွေးမယ်၊ အကယ်၍ အဲဒါတွေ မရဘူးဆိုရင် ဒေါ်စုရဲ့ အစီရင်ခံစာကို လေးစားလိုက်နာမှုမရှိတဲ့အတွက် ဒီအစီရင်ခံစာကို ချိုးဖောက်တဲ့အတွက် ဒီကြေးနီစီမံကိန်း ဖျက်သိမ်းပေးပေါ့။”

မြေနစ်နာကြေးမယူထားတဲ့တောင်သူတဦးကတော့ ဘိုးဘွားစဉ်ဆက် လုပ် လာတဲ့မြေယာတွေ ကို အပြီးတိုင် မစွန့်လွတ်နိုင်ဘူးလို့ဆိုပါတယ်။

“သူတို့က မြေယာတွေကို လျှော်ကြေးတွေပေးတယ်ဆိုပြီးတော့ ၁၀ သိန်းနဲ့ ပေးတယ်၊ အဲဒီ ၁၀ သိန်းထုတ်တဲ့လူတွေရဲ့ စာချုပ်မှာ ကြည့်လိုက်တဲ့အခါကျတော့ သားစဉ်မြေးဆက်အထိ စွန့်လွှတ်ကြောင်းဆိုပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးခဲ့ရတယ်။ ဦးပိုင်ကကျတော့ ဝမ်ပေါင်ကို နှစ် ၃၀ စာချုပ်ချုပ်ပြီးတော့ ဟိုတောင်သူလယ်သမားတွေ တကယ်မြေအစစ်အမှန်လိုက်စားတဲ့ တောင်သူတွေကျတော့ ရာသက်ပန် စွန့်လွှတ်ကြောင်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ၊ အဲဒီ သားစဉ်မြေးဆက်အထိ စွန့်လွှတ်ကြောင်း လက်မှတ်ကိုတော့ကျမတို့အနေနဲ့ လုံး၀ ဒါမျိုး လက်မှတ်မထိုး နိုင်ဘူးဆိုပြီးတော့ ဒီနေရာကိုလည်း ရောင်းမစားနိုင်ဘူး။”

ဒီလို ကြေးနီးကားတွေကိုတားဆီးမူကို ပြီးခဲ့တဲ့နှစ်ကလည်းဒေသခံတွေကလုပ်ဆောင်ခဲ့တာပါ။ မင်းတောရွာဘက်က ကျောက်တွေကို ကြေးနီစီမံကိန်းလုပ်နေတဲ့ ကုမ္ပဏီ တွေက အလွန်အကျွံတူးဖော်နေတာကြောင့်ဆိုပြီး မင်းတောရွာသားတွေကလည်း ကန့်ကွက်မှု တွေ ဒီရက်ပိုင်း အတွင်းရှိနေတာပါ။

အခုလိုကြေးနီးကားတွေ ကိုပိတ်ဆိုတားဆီးတဲ့အထိတင်းမာမူဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ ပါဘူး။ အခုလို ဒေသခံတွေက ကန့်ကွက်နေချိန် မှာပဲ အစိုးရသစ်တာဝန်ယူခဲ့တဲ့ ၉လအတွင်းမှာနိုင်ငံတော် အနေနဲ့ ဒီစီမံကိန်းကနေအမေရိကန်ဒေါ်လာ သန်း၂၀ ဝင်ငွေ ရရှိခဲ့တယ်လို့ မကြာခင်ကပဲမြန်မာ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ (Amnesty International) လူ့အခွင့်အရေးအဖွဲ့ ရဲ့"ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာတော့ လက်ပံတောင်းကြေးနီ စီမံကိန်း ကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်း ရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့ လူအခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ဒီအတွက်လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ အတွက် လူ့အခွင့်ရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေ ကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG