သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအသင်း ဆူဇူကီးဖလားပွဲ ဆက်ကစားမည်


မြန်မာ-မလေးရှား ပွဲစဉ် သတင်းဓာတ်ပုံ- Myanmar Football Federation။
မြန်မာ-မလေးရှား ပွဲစဉ် သတင်းဓာတ်ပုံ- Myanmar Football Federation။

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် ဖိနှိပ်နေတဲ့အတွက်ဆိုပြီးမြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ်ပူးတွဲ ကျင်းပနေတဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်၊ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ ကနေ နှုတ်ထွက်ဖို့ စဉ်းစားနေတဲ့ မလေးရှားနိုင်ငံ က ဘောလုံးပွဲ မှာ ဆက်လက် ပါဝင် ကစားသွားမယ်လို့ ဒီကနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံကရခိုင်ဒေသက မူဆလင်တွေ အပေါ် မြန်မာအစိုးရရဲ့လုပ်ရပ်တွေအပေါ် ပြင်းထန်တဲ့ သဘောထား ရပ်တည်ချက်ထားရှိဖို့ဆိုပြီး မူဆလင်အများစုရှိတဲ့ မလေးရှားနိုင်ငံမှာ သောကြာနေ့က စုဝေးဆန္ဒပြကြပါတယ်။ ဒီလိုအခြေအနေကြားကပဲဆူဇူကီးဖလား ဘောလုံးပွဲမှာ ဆက်လက်ပါဝင်ကစားဖို့ ဆုံးဖြတ်လိုက်တာပါ။ အကြောင်းစုံကိုတော့ Reuters သတင်းကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ်ပူးတွဲ ကျင်းပနေတဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်၊ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပနေတာဖြစ်ပါတယ်။ ဒီပွဲကနေ မလေးရှားနုတ်ထွက်သွားမယ်ဆိုရင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက် ရေးဆိုတဲ့ အရင်ကတည်းက ထားရှိလာတဲ့ မူဝါဒတွေကို ဆန့်ကျင်ရာရောက်ပါလိမ့်မယ်။

မလေးရှား လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီး Khairy Jamaluddin က အစိုးရ ရဲ့ ဆုံးဖြတ်ချက်ကို ခုလိုပြောပါတယ်။

"မြန်မာမှာကျင်းပနေတဲ့ ဘောလုံးပွဲမှာ ဆက်ကစားဖို့ အစိုးရဝန်ကြီးများအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့ဆက်လုပ်မယ့် သံတမန်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင်ကြေညာပါလိမ့်မယ်။ ရခိုင်ဒေသကဖြစ်ရပ်တွေ အတွက် မလေးရှားက သိပ်ကိုစိုးရိမ်ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဒဏ်ခတ် အရေးယူမှုတွေကိုလည်း ကျနော်တို့ သတိထားနေရပါတယ်။ ရခိုင်ဒေသက ဖြစ်ရပ်တွေ အပေါ် ရပ်တန့်သွားအောင် တခြားနည်းလမ်းနဲ့ လုပ်ကိုင်သွားမှာပါ။"

ဆူဇူကီးဖလား ဘောလုံးပွဲကနေ နုတ်ထွက်ဖို့ အစိုးရဝန်ကြီးတွေကို အစည်းအဝေး မှာ တောင်းဆိုထားခဲ့သလို ဆက်ကစားမယ်၊ မကစားဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်အရေးနဲ့ပတ်သက်လို့ ဆက်ပြီး လှုပ်ရှားပြောဆိုသွားမယ် လို့လည်းနိုဝင်ဘာလ ၂၃ ရက်နေ့က Khairy ကပြောပါတယ်။

ရန်ကုန်မှာလည်း မြန်မာနဲ့ မလေးရှား အားကစားနည်းပြတွေ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး ပွဲစဉ်အကြောင်းတွေ သာပြောဆိုကြပါတယ်။ မြန်မာအသင်းနည်းပြ GRED ZEISE ကခုလိုပြောပါတယ်။

"ဗီယက်နမ်နဲ့ကစားတဲ့ပွဲမှာ မြန်မာအသင်း သိပ်ကိုအားရဖို့ကောင်းပါတယ်။ ဒီ ၂ သင်းမှာ ကွာခြားချက်တွေများ ပေမယ့် ခင်ခင်မင်မင်ပဲ ကစားကြတာပါ။ ရှုံးထွက် အဆုံးအဖြတ်ပေးမယ့်ပွဲလည်းဖြစ်တာကြောင့်အသည်းအသန် ကစားရမယ့်ကြည့်ကောင်းတဲ့ပွဲဖြစ်ပါလိမ့်မယ်။"

မလေးရှား နည်းပြ Ong Kim Swee ကတော့ ဒီ ပွဲမှာ ဆက်ပါဝင်ကစားဖို့ဆိုတဲ့ မလေးရှား အစိုးရဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မှတ်ချက်မပေးပဲ ပွဲစဉ်အကြောင်းကိုသာ ခုလို ပြောဆိုသွားတာပါ။

"ဘောလုံးပရိတ်သတ် အများကြီး လာအားပေးပါတယ်။ ကျနော်တို့အသင်း ကောင်းကောင်း ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အရေးကြီးဆုံးကတော့ ပြင်ပလောကမှာ ဘာဖြစ်လာမလဲဆိုတာ စဉ်းစားနေဖို့ထက် ကွင်းထဲမှာပဲ အာရုံစိုက်ထားဖို့လိုပါတယ်။"

ရခိုင်ဒေသမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာမူစလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရသစ်အပေါ် ကြီးမားတဲ့စိန်ခေါ်ချက်တွေဖြစ်လာနေပါတယ်။ ရခိုင်ဒေသ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေရာမှာ လူ ၈၆ ဦးထက်မနည်းသေဆုံးပြီး ၃ သောင်းကျော်အိုးအိမ်စွန့်ခွါထွက်ပြေးနေရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကလည်း မြန်မာနဲ့ မူစလင်အသိုင်းအဝိုင်းကြား ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပြီး လူရာနဲ့ချီသေဆုံးခဲ့ပါသေးတယ်။ ခု ကိစ္စမှာ ကိုဖီအာနန် ကော်မရှင်ဖွဲ့ပေးထားရုံနဲ့ မလုံလောက်ပဲ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ပြီး အပြည့်အ၀ စုံစမ်းစစ်ဆေးသင့်တယ်၊ ထိန်းသိမ်းသင့်တယ် ဆိုပြီး ဝေဖန်ရေး သမားတွေကပြောဆိုပါတယ်။

လွပ်လပ်တဲ့ သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေကို အဲ့ဒီဒေသထဲ သွားရောက်ခွင့် အစိုးရကပိတ်ပင်ထားဆဲပါ။ ရခိုင်ဒေသ ဖိနှိပ်မှုတွေရပ်တန့်ဖို့ဆိုပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံဆန္ဒပြသူတွေ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံး အသီးသီးရှေ့မှာ သောကြာနေ့မှာ စုဝေးဆန္ဒပြဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG