သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာဗုံးခွဲမှု ဗြိတိန်ကိုင်တွယ်ပုံ


ခရစ်ယာန် အများစုနေထိုင်ရာ ဗြိတိန်နိုင်ငံက အားကစားရုံတခုမှာ မွတ်စလင်တဦးရဲ့ အသေခံဗုံး ဖေါက်ခွဲမှုကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီ ဦးတည် မသွားတာ ဘာကြောင့်ပါလဲ။ မြန်မာ့ သုတေသီ ဒေါက်တာအောင်ခင်ကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဗြိတိန်နိုင်ငံက Manchester အားကစားရုံမှာ တနင်္လာနေ့က နာမည်ကြီး အမေရိကန် အဆိုတော် Ariana Grande ရဲ့ တေးဂီတ ဖျော်ဖြေပွဲအပြီး လစ်ဗျားမိသားစုကနေ ပေါက်ဖွားလာသူတဦးရဲ့ အသေခံဗုံး ဖေါက်ခွဲခဲ့တာကြောင့် လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရသလို ကလေးငယ် အများစုပါဝင်တဲ့ လူပေါင်း ၆၄ ဦးကတော့ ဆေးရုံတက် ကုသမှု ခံယူနေရတာပါ။

အခုလို ပြည်တွင်းမှာသာမက ပြည်ပမှာပါ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ဗြိတိသျှ အာဏာပိုင်တွေရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး သုတေသီ ဒေါက်တာ အောင်ခင်က အခုလို သုံးသပ်ပြပါတယ်။

“ဒေါက်တာ အောင်ခင်။ ။ သူက လူမျိုးရေးဘာသာရေးမဟုတ်ဘူး။ မွတ်ဆလင်တွေ အင်္ဂလန်မှာအများကြီးရှိတာပဲ ၊ အဲဒီထဲက တစု ပေါ့နော် ၊ အဲဒါကို သေချာ surveillance လုပ်တာပေါ့နော်။ အခုသူတို့ အင်္ဂလန်မှာ ဗုံးပေါက်သွားတဲ့လူတွေက အားလုံးက ပရိတ်သတ်စာရင်းမှာမှာပါပြီးသားလူတွေပဲ။ အားလုံးကိုသူက စောင့်ကြည့်နေတာပေါ့နော် ။ ဗုံးပေါက်သွားတဲ့လူတွေကိုလည်း စောင့်ကြည့်တဲ့အထဲမှာပါတဲ့လူတွေပဲ အဲဒီတော့ ပေါက်ကွဲသွားတဲ့အခါကျတော့ စောင့်ကြည့်တဲ့လူကနေ ဆက်တိုက်ပေါ့ဗျာ သူ့ညီအကိုမောင်နှမတွေရော၊ သူ့အဖေတွေရော ။ သူ့အဖေတွေကိုလည်း လစ်ဗျားမှာဖမ်းထားတယ် အဲလိုမီးခိုးကြွက်လျှောက်ပေါ့ခင်ဗျ။ အဲလို လိုက်သွားတော့ ကျန်တဲ့လူတွေကို လိုက်တာမဟုတ်ပဲနဲ့ သီးသန့် သူ့ဟာသူ surveillance ကအတိအကျ ကောင်းတဲ့အတွက် Intelligent ကောင်းတဲ့အတွက် သက်ဆိုင်ရာလူတွေပဲ မီးခိုးကြွက်လျှေက်ပေါ့ဖမ်းနိုင်တာပေါ့။

ဒေါ်ခင်မျိုးသက်။ ။ မြန်မာနိုင်ငံမှာက လုပ်နည်းလုပ်ဟန်နဲ့ ကွာတာပေါ့နော့်မြန်မာနိုင်ငံမှာဆိုရင် ရဲကလည်း မနိုင် လူတွေကလည်း ရုန်းရုန်းနဲ့ အဓိကရုဏ်း တွေ ဖြစ်တယ် ဆိုတော့ အဲဒီ အဓိကရုဏ်း မဖြစ်အောင် ဘယ်လိုလုပ်ရင်အကောင်းဆုံးလဲဆရာ။

ဒေါက်တာ အောင်ခင်။ ။ဒီနိုင်ငံမှာက ကိုယ့်ကိစ္စကိုယ်လုပ်တယ် “Mind your own Business” ပေ့ါ ကိုယ့်ကိစ္စကိုယ်လုပ်တယ် ပုလိပ်အလုပ် ပုလိပ်ကလုပ်မယ်။ လူတွေက မပါဘူး ဒီအထဲမှာ လူတွေကလည်း ကိုယ့်ကိစ္စကိုယ်လုပ်တယ် မြန်မာပြည်က အဲဒီလိုမဟုတ်ဘူး လူတွေကမြှောက်ပေးရင် အကုန်ပါသွားတယ်။ မဆိုင်တဲ့လူတွေရော ပါသွားတယ် ဆိုတော့ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ကုန်တာပေါ့။ မြန်မာပြည်ကတော့ အဲဒီလို ထစ်ခနဲ ဖြစ်ရင် လူတွေက ဝိုင်းပြီးတော့ ဆူမယ်၊ ဒါတွေက ထိန်းလို့လဲမရဘူး။ လုံခြုံရေးတွေကလည်း ပုလိပ် ကလည်း လာဘ်စားတယ် အဲဒါကြောင့် လူတွေက ပုလိပ်ကိုလည်း မရိုသေဘူး။ ရှင်းရှင်းပြောရရင်တော့ တရားဥပဒေမရှိတဲ့နိုင်ငံ လိုဖြစ်နေတာပေါ့နော်။ တရားဥပဒေရှိတဲ့နိုင်ငံကျမှ အခုလိုမျိုးလုပ်လို့ရတာပေါ့။တရားဥပဒေက ပါးစပ်ကအော်ပြီး လက်တွေ့ကျတော့ တရားဥပဒေမရှိတာမျိုးဖြစ်နေတာပေါ့။

ဒေါ်ခင်မျိုးသက်။ ။တရားဥပဒေရှိတဲ့နိုင်ငံ အင်္ဂလန်နိုင်ငံမျိုးမှာလည်း အခုလို ဗုံးဖောက်ခွဲမူတွေဖြစ်တယ်ဆိုတော့ သူ့အားနည်းချက်ကဘာလဲဆရာ ။

ဒေါက်တာ အောင်ခင်။ ။သူ့အားနည်းချက်က လွတ်လပ်တာပေါ့ခင်ဗျ ၊ လွတ်လပ်တော့ လွယ်ကူတာပေါ့။ လွတ်လပ်တဲ့နိုင်ငံမှာဆိုတော့ လုပ်ရကိုင်ရ သွားရလာရတာလွတ်လပ်တယ်။ အင်္ဂလန်မှာမွေးတဲ့ မွတ်ဆလင်ကလေးတွေက IS ဖြစ်နေတဲ့ ဆီးရီးယားတို့ ၊ လစ်ဗျားတို့ကို ခဏခဏသွားတာပဲ။ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလိုက်ပြန်လိုက်လုပ်နေတာ အဲဒီက ဗုံးလုပ်တဲ့အတတ်ပညာတွေယူလာ မျိုးစုံပေ့ါခင်ဗျ ဒါကတော့ ဒီမိုကရေစီနိုင်ငံရဲ့ အားနည်းချက်ပေါ့ ဒါကို ချုပ်ကိုင်ရတာမလွယ်ဘူး။ ဒီမိုကရေစီနိုင်ငံဆိုတော့ လူတိုင်းရဲ့လွတ်လပ်မှုကို ဦးစားပေးတာပေါ့ မသင်္ကာရင်ဖမ်းပြီးထောင်ထဲထည့်တာ ဒါမျိုးမရှိဘူးလေ အဲဒီတော့ အင်္ဂလန်မှာ အကြမ်းဖက်သမားတွေက ပိုပြီးတော့ အနေချောင်တာပေါ့နော်။”

ဗြိတိန်နိုင်ငံမှာ တနင်္လာနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးတဲ့ နောက် အင်္ဂါနေ့မှာ ဝန်ကြီးချုပ် Theresa May က ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် အထိ သတ်မှတ်လိုက်ပါတယ်။ လက်နက်ကိုင် ရဲတပ်ဖွဲ့တွေကို ကူညီဖို့ စစ်သားတွေကို စေလွှတ်ခဲ့ပြီး ဗြိတိသျှ တော်ဝင်မိသားစု နန်းတော်နဲ့ တကွ အရေးပါတဲ့ အစိုးရ အဆောက်အဦးတွေမှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ဗူဒ္ဓဟူးနေ့မှာတော့ အသေခံဗုံးခွဲသူရဲ့ ဖခင်နဲ့ ညီအကိုတော်သူ ကို လစ်ဗျားမှာ ဖမ်းဆီးလိုက်ပြီး ကြာသပတေးနေ့ သီးခြားစီ ရှာဖွေစီးနင်းမှုတွေ ကနေ ဖမ်းမိသူ ၂ ဦး အပါအဝင်၊ စုစုပေါင်း ဖမ်းမိဆီးထားသူဟာ အခုဆိုရင် ၈ ဦးအထိ ရှိသွားပါပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG