သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Manchester အသေခံ ဗုံးခွဲမှု ဗြိတိန်နဲ့ ကန် ခေါင်းဆောင်တွေ ပြင်းထန်စွာ ရှုံ့ချ


ဗြိတိန် နိုင်ငံ မန်ချက်စတာ ဗုံးခွဲတိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့သူတွေ အတွက် ဆုတောင်းပွဲ။ မေလ ၂၃ ရက် ၂၀၁၇။
ဗြိတိန် နိုင်ငံ မန်ချက်စတာ ဗုံးခွဲတိုက်ခိုက်ခံရမှု အတွင်း သေဆုံးခဲ့သူတွေ အတွက် ဆုတောင်းပွဲ။ မေလ ၂၃ ရက် ၂၀၁၇။

ဗြိတိန်နိုင်ငံ Manchester မြို့မှာ တနင်္လာနေ့ညက အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ အသေခံဗုံးခွဲသူ ဘယ်သူလဲ ဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆို ထားသလို လက်ရှိ ဗြိတိန်နိုင်ငံရဲ့အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်ကိုလည်း အမြင့်ဆုံးအဆင့် သတ်မှတ်ထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ အမေရိကန် သမ္မတ Donald Trump တို့ကလည်း ဒီတိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ပေါက်ကွဲမှု နောက်ပိုင်း နောက်ဆက်တွဲ လုံခြုံရေး အခြေအနေတွေနဲ့ ပေါက်ကွဲမှု အနီးအနားမှာ အလုပ်လုပ်ကြတဲ့ မြန်မာတွေရဲ့အတွေ့အကြုံနဲ့ ပတ်သက်လို့ ရှားဖောင်က စုစည်း တင်ပြပေးပါမယ်။

တနင်္လာနေ့ညက Manchester အားကစားရုံမှာ ကျင်းပခဲ့တဲ့ အမေရိကန် Pop အဆိုကျော် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲ အပြီး အသေခံ ဗုံးဖေါက်ခွဲခဲ့တဲ့ အမျိုးသားဟာ Lybyan မိဘနှစ်ပါးကနေ ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ အသက် ၂၂ အရွယ် Salman Abedi ဆိုသူဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။ တိုက်ခိုက်မှုကို သူတဦးတယောက်တည်း လုပ်ဆောင်ခဲ့တာလား၊ ဒါမှမဟုတ် အကြမ်းဖက် ကွန်ယက်အဖွဲ့နဲ့ ပတ်သက်နေသလား ဆိုတာကိုလည်း ဗြိတိန်ရဲတွေက အရေးတကြီး စုံစမ်းနေဆဲပါ။ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ဒီတိုက်ခိုက်မှုကို ဗြိတိန် ဝန်ကြီးချုပ် Theresa May က အခုလို ရှုတ်ချခဲ့ပါတယ်။

“အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေ အားလုံးက အပြစ်မဲ့ ပြည်သူတွေကို သူရဲဘောကြောင် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုဟာ ဘဝမှာ သတိရစရာကောင်းတဲ့ ညလေးတညကို ပျော်ပျော်ရွှင်ရွင်နဲ့ ဖြတ်သန်းကြတဲ့ အပြစ်ကင်းပြီး အကာအကွယ်မဲ့နေကြတဲ့ လူငယ်တွေနဲ့ ကလေးငယ်တွေအပေါ် တမင်ရည်ရွယ် ပစ်မှတ်ထားတဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ၊ ဆိုးဝါးတဲ့ တိုက်ခိုက်မှု တခုဖြစ်ပါတယ်။”

Manchester ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဇွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ရွှေ့ဆိုင်းထားဖို့ ဝန်ကြီးချုပ် May နဲ့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn တို့ နှစ်ဦးစလုံး သဘောတူခဲ့ပါတယ်။ Manchester တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းကို ခရီးသွားနေတဲ့ အမေရိကန် သမ္မတ Donald Trump ကလည်း ရှုတ်ချခဲ့ပါတယ်။

“ဗြိတိန်နိုင်ငံသားတွေနဲ့ အတူ ကျနော်တို့ အပြည့်အ၀ သွေးစည်းခိုင်မာစွာ ရပ်တည်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ အပြစ်ကင်းမဲ့ လူငယ်အများအပြားဟာ ဘဝမှာ လူဖြစ်ရှုံတဲ့လူတွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရတယ်။ ဒီလူတွေဟာ ကြောက်စရာကောင်းလှတဲ့ လူတွေလို့ ကျနော် နာမည်မတပ်ချင်ဘူး။ ဒီလိုနာမည်တပ်လိုက်ရင် သူတို့က ဒါကိုသဘောကျ ကြမှာ။ ကျနော် အခုချိန်ကစပြီး သူတို့ကို ခေါ်ချင်တာကတော့ ဘဝမှာ လူဖြစ်ရှုံးတဲ့လူတွေ ဆိုတာပါပဲ။”

အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးအဖွဲ့ကလည်း Manchester တိုက်ခိုက်ခံရတဲ့ အခြေအနေ စောင့်ကြည့်နေပြီး အမေရိကန် ပြည်ထောင်စု အတွင်းက ဂီတဖျော်ဖြေပွဲတွေကို အတိအကျ ခြိမ်းခြောက်မှုရှိတဲ့ အချက်အလက်တွေ မတွေ့ရဘူးလို့ ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အင်္ဂါနေ့မှာတော့ Manchester မြို့တော်ဝန် Andy Burnham ဦးဆောင်ပြီး အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆုတောင်းပွဲကို သွားရောက်ခဲ့တဲ့ Manschester မှာ နေတဲ့ ကိုရဲ က သူ့ရဲ့ အတွေ့အကြုံနဲ့ မြို့ရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ မန်ချက်စတာ Mayor နဲ့ မန်ချက်စတာမှာ ရှိတဲ့ Victims တွေရဲ့ Family တွေ၊ ပြီးတော့ သေခဲ့တဲ့ လူတွေရဲ့ အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးက အလုပ်ပြီးတော့ ဆုတောင်းပွဲလေး တခု ညနေ ၆ နာရီကနေ ၇ နာရီ အထိ မန်ချက်စတာ Town Hall မှာ လုပ်ပါတယ်။ အဲဒီပွဲမှာ လူတွေ အများကြီး တက်ကြပါတယ်။ ဆိုတော့ တော်တော်များများက သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့ သူတွေ အတွက် ဆုတောင်းပေးကြပါတယ်။ ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေနဲ့ သွားကြပါတယ်။ သွားပြီးတော့ ကျနော်တို့ ပန်းစည်းသွားချပါတယ်။ ပြီးတော့ ဖယောင်းတိုင်တွေပေါ့နော် သွားထွန်းပြီးတော့ ကျနော်တို့လည်း ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆုတောင်းပေးပါတယ်။

အားလုံးကတော့ စိတ်မကောင်းဘူး။ အဲလို အစွန်းရောက် ဝါဒီနဲ့ လုပ်တဲ့ လူတွေ အပေါ် ဒေါသ ဖြစ်ကြတယ်ပေါ့။ အခု လောလောဆယ် အခြေအနေကတော့ အားလုံးက ကျီးလန့် စာစား အခြေအနေမျိုး ဖြစ်ပြီးတော့ သွားရ လာရတာလည်း ဒုက္ခရောက်တယ်။

ကျနော် နေတဲ့ နေရာနဲ့ အဲဒီ မန်ချက်စတာ Arena နဲ့ကတော့ လမ်းလေ ျှာက်မယ်ဆို ၁၀ မိနစ်ကျော် လောက်ဘဲ ဝေးတယ်။ ရဟတ်ယာဉ်က ရဲ ရဟတ်ယာဉ်ရော အဲဒီ ရဟတ်တွေက တောက်လေ ျှာက်ပေါ့နော် မနေ့ည ၁၁ နာရီ လောက်ကနေ မနက် ၃ - ၄ နာရီကျမှ အိပ်ပျော်သွားတယ်။ အဲဒီ အချိန်ထိက မရပ်မနားဘဲ။ နောက် ကျနော် ပြန်နိုးလာတဲ့ အချိန် နေ့လည် ၁၀ နာရီလောက် ဖြစ်နေပြီပေါ့ အဲဒီ အချိန်မှာလည်း တောက်လေ ျှာက် ရဲ ရဟတ်ယာဉ်တွေ ပျံနေတုန်းဘဲ။ အဲဒါ နေ့လည် ၂ နာရီ ၃ နာရီလောက်ထိ ပေါ့နော်။

အခု လက်ရှိ မန်ချက်စတာ မြို့လယ်ခေါင် အခြေအနေကတော့ တကယ်ကို အရမ်းကို ခြောက်ကပ်ပြီးတော့လေ မန်ချက်စတာ မြို့ထဲ အနီးတဝိုက်မှာ၊ မြို့လယ်ခေါင် Shopping Center အနီး တဝိုက်မှာလည်း အဲဒီလို Bomb Alart တွေ ဖြစ်လို့ အကုန်လုံး ပိတ်ထားရတယ်။ လမ်းတွေ အားလုံးကလည်း ရဲကားတွေနဲ့ Security အပြည့်နဲ့ အကုန်လုံး ဘယ်မှ ပေးမသွားဘူး ပိတ်ဆို့ထားတော့ တမြို့လုံးက ခြောက်သွေ့ပြီးတော့ လုံး၀ လူမရှိတဲ့ တကယ့် မြို့ဟောင်းကြီးလို ဖြစ်သွားပါတယ်။ ”

ဂီတဖျော်ဖြေပွဲ သွားကြည့်ကြတဲ့သူတွေ အသက် ၈ နှစ်ကနေ ၁၈ အကြား လူငယ်တွေဖြစ်ပြီး သေဆုံးသူ အများစုဟာ မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုရဲ က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ တော်တော်လည်း စိတ်မကောင်းဘူး ခင်ဗျ။ တော်တော်လည်း ဝမ်းနည်းတယ်။ ပြီးတော့ တကယ့် မိန်းကလေးတွေ အများစု လာတယ်၊ မိန်းကလေးတွေတောင် အသက် အငယ်ဆုံး ဆိုရင် ၇ နှစ် ၈ နှစ်ကနေ ၁၅ နှစ် ၁၆ နှစ် တကယ့် Teenage မိန်းကလေးတွေ အများဆုံး လာတဲ့ပွဲကို Target ထားပြီး လုပ်တယ်ဆိုတော့ တော်တော်ကို လူမဆန်ဘူးပေါ့နော်။ ၂၂ ယောက်မှာ ကျနော် သိရတာ ၁၉ယောက်က လူငယ် ကလေးတွေပါ ခင်ဗျ။”

တိုက်ခိုက်မှုကြောင့် သူမမှာ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ဓားစာခံဖြစ်ခဲ့ရတဲ့ သူတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်း Pop အဆိုတော် Grande က အခင်းဖြစ်ပွားပြီးနောက် သူမရဲ့ Twitter လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ တနင်္လာနေ့ည ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နောက်တနေ့ အင်္ဂါနေ့မှာတော့ Manchester တောင်ပိုင်းက Fallowfield ရပ်ကွက်ထဲက အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု လုပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဝင်ရောက်စီးနင်းမှု အတွင်း Manchester မြို့ပြင်ဘက် တခြားနေရာတခုကို ဗုံးခွဲမှုတခုနဲ့ ဆက်နွှယ်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကို ရဲတွေ ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမျိုးသားဟာ Manchester အားကစားရုံ တေးဂီတဖျော်ဖြေပွဲ ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဘယ်လို ပါဝင် ပတ်သက်သလဲဆိုတဲ့ အချက်အလက်တော့ ရဲတပ်ဖွဲ့က ပြောဆိုခြင်းမရှိပါဘူး။

တိုက်ခိုက်မှု ဖြစ်ပြီးနောက် အင်္ဂါနေ့ ညမှာတော့ ဗြိတိန်နိုင်ငံအတွင်း အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်ကို အမြင့်ဆုံးအဆင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားပြီး လုံခြုံရေး ကင်းလှည့်ရာမှာ ရဲတွေကို စစ်တပ်က ကူညီပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG