သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်က စိုးရိမ်သလို တိုင်းရင်းသားများခွဲထွက်ရန် ဆန္ဒမရှိ


မိုင်ဂျာယန်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံ
မိုင်ဂျာယန်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံ

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံကနေ ပင်လုံလက်စွဲ စာတမ်းတခု ထွက်ပေါ်လာဖို့အတွက်၊ ၁၉၄၇ ခုနှစ်တုန်းက ပင်လုံစာချုပ်ကို အခြေခံထား ဆွေးနွေးနေပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဘက်က စိုးရိမ်နေသလို တိုင်းရင်းသားတွေဟာ တိုင်းပြည်က ခွဲထွက်လိုတဲ့ ဆန္ဒမရှိဘူးလို့ တိုင်းရင်းသားတွေဘက်ကပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မိုင်ဂျာယန်မှာ သွားရောက်သတင်းယူနေတဲ့ မမြင့်မြင့်ခိုင်က ပြောပြပေးမှာပါ။

ပင်လုံလက်စွဲစာတမ်း ထွက်ပေါ်လာနိုင်ဖို့အတွက် ၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စု ကနေ ခွဲထွက်ဖို့မရှိဘူးလို့ တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။ ၄၇ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေ အနေနဲ့ခွဲထွက်လိုက ခွဲထွက်နိုင်တယ်လို့ဖော်ပြထားတာပါ။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံဆွေးနွေးမှုတွေရှိနေပေမယ့် တိုင်းရင်းသားတွေ ပြည်ထောင်စုကနေ ခွဲထွက်မထွက်ဆိုတဲ့ အမြင်သဘောထားတွေနဲ့ပတ်သတ်ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က နိုင်ဟံသာက ပြောပြပါတယ်။

“ခွဲထွက်မယ်ဆိုတဲ့ဟာကတော့ ဘယ်သူမှမပြောဘူး။ အဓိကအားဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ပဲ နော်။ အဲဒီလိုမှ မတည်ဆောက်ရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရပေါ့နော် ဗမာတွေကကြီးပဲ ကြီးစိုးပြီးမှ လွှမ်းမိုးပြီးမှ အားလုံးကို ချုပ်ကိုင်ထားတဲ့ပုံစံမျိုးကတော့ ဘယ်တိုင်းရင်းသားတွေမှ လက်မခံနိုင်ကြဘူး။”

၁၉၄၇ ပင်လုံစာချုပ်အရ တိုင်းရင်းသားတွေဘက်က ခွဲထွက်ရေးတောင်းဆိုနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီပင်လုံစာချုပ်ပါသဘောတူညီချက်တွေကို အရင် စစ်အစိုးရအဆက်ဆက်က ပယ်ဖျက်ခဲ့ပြီး တိုင်းရင်းသားတွေခံစားခွင့်တွေကို ကန့်သတ်ခဲ့တာရှိခဲ့ပါတယ်။

ကရင်နီ အမျိုးသားဖွံ့ဖြိုးရေးပါတီ KNPP ရဲ့ အတွင်းရေးမှုး ရွှေမျိုးသန့်ကလည်း တိုင်းရင်းသားတဖွဲ့ချင်းအလိုက် အစိုးရနဲ့အပစ်ရပ်လက်မှတ်ထိုးထားတုန်းက ခွဲမထွက်ရေး ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားတာမို့ စိုးရိမ်စရာမလိုဘူးလို့ ပြောပါတယ်။

“Bilateral agreement ထိုးခဲ့တဲ့လူတွေကတော့ ပြည်ထောက်စုကနေပြီးတော့ မခွဲထွက်ဘူးဆိုတဲ့ အခြေခံပေါ်မှာ ကျနော်တို့က သဘောတူညီမှု ရှိထားခဲ့ပြီးသားဖြစ်ပါတယ်။ ဘာပဲပြောပြော ၂၁ ရာစုပင်လုံညီလာခံဆိုတာကလည်း ပြီးခဲ့တဲ့ ကျနော်တို့ ချမှတ်ခဲ့တဲ့ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေတဆင့် ဆက်လက်ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေဖြစ်တာပေါ့လေ။ ဖြစ်တော့ တဖက်မှာ သမိုင်းကြောင်းအရရှိခဲ့တဲ့ ပြဌာန်းချက်တွေကတော့ သမိုင်း မှာရှိနေမှာပဲ။ ဒီနေ့ ဒီအချိန်အခါမှာတော့ ဒါကြီးကို အဓိက ပြဿနာလို့တော့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို Bilateral agreement ထိုးခဲ့တဲ့လူတွေက ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီချက်ကို လေးစားလိုက်နာပြီးသားဖြစ်ပါတယ်။ ဒီအပေါ်မှာ သိပ်ပြီးတော့ စိုးရိမ်စရာတော့ မရှိပါဘူး။”

ဒီကနေ့ညီလာခံမှာ တော့ တိုင်းရင်းသားတွေဘက်ကလိုလားတဲ့ ဖယ်ဒရယ်ပုံစံကို ဆွေးနွေးခဲ့ပါတယ်။ ဒီဖယ်ဒရယ်ပုံစံကို ၂၀၀၈ခုနှစ်က ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးနဲ့ ညှိုနှိုင်းရေးကော်မတီ (FCDCC) က ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ်က UNFC က ပြန်လည်ဖြည့်စွက်မှုတွေလုပ်ထားတဲ့ ဖယ်ဒရယ် အခြေခံ မူကြမ်းပေါ်မှာ အခြေခံဆွေးနွေးသွားဖို့ ဒီကနေ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

“အစိုးရဘက်က ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးရည်ညွှန်းသည်ဖြစ်စေ ကျမတို့ဘက်က ဘယ်လို ဖက်ဒရယ်ပုံစံမျိုးကို တည်ဆောက်မှာလည်းဆိုတာ စဉ်းစားလေ့လာ၊ ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အစကနေပြန်စဖို့မလိုတော့ပဲ ၂၀၀၈ ခုနှစ်က ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူကြမ်း ရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မတီ (FCDCC) မှ သဘာတူထားပြီးသော ဖက်ဒရယ်အခြေခံမူများ အပြင် ၂၀၁၅ ခုနှစ် UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြည်လည်သုံးသပ်ပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင်မှုလုပ်ပြီး ဒီအစည်းအဝေးကနေ ဆွေးနွေးအတည်ပြုနိုင်ပါတယ်။”

ဒီကနေ့မှာတော့ မိုင်ဂျာယန်ညီလာခံကို ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပနေပြီး တိုင်းရင်းသားတွေအနေနဲ့ ဒီညီလာခံကနေ ၂၁ ရာစုပင်လုံညီလာခံအတွက် ဘုံသဘောတူညီချက်တရပ် ထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
မိုင်ဂျာယန်ညီလာခံ ဒုတိယနေ့
please wait

No media source currently available

0:00 0:04:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG