သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တအာင်းပလောင်တပ် လက်နက်ချဖို့ စစ်တပ် ဖိအားပေး


တအာင်းပလောင်တပ်
တအာင်းပလောင်တပ်

KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံကို မတတ်ရောက်နိုင်တဲ့ အဖွဲ့အစည်းအချို့ထဲမှာ TNLA ခေါ် တအာင်းပလောင်တပ်လည်း ပါဝင်ပါတယ်။ TNLA ဟာ မြန်မာအစိုးရတပ်တွေနဲ့ ဒီကနေ့အထိ ပစ်ခတ်မှုတွေ ရှိနေသလို၊ နယ်မြေတွင်းမှာရှိ ရှမ်းပြည်တောင်ပိုင်းတပ်နဲ့လည်း ထိပ်တိုက်တွေ့မှုတွေ ရှိနေတဲ့အဖွဲ့အစည်းပါ။ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပေမယ့်၊ မြန်မာစစ်တပ်ဖက်က လုံး၀ လက်နက်ချဖို့ ဖိအားပေးနေတဲ့အခြေအနေကြောင့်ရော RCSS ခေါ် ရှမ်းတောင်ပိုင်းတပ်တွေနဲ့ စစ်ရေးထိပ်တိုက်ဖြစ်နေတဲ့အခြေအနေကြောင့်ပါ မိုင်ဂျာရမ်ညီလာခံကို မတတ်ရောက်နိုင်ခဲ့တာလို့ TNLA ပြောခွင့်ရသူ တာပန်လ က ဗွီအိုအေကို ပြောပါတယ်။ TNLA တာဝန်ရှိသူ တာပန်လကို ဗွီအိုအေက ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားတာပါ။

“အဓိကတော့ ကျနော်တို့ဆီမှာ အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ တချက်ကတော့ မိုင်ဂျာယန်မှာသွားကြတဲ့ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းတွေ က တော်တော်များများ အနည်းနဲ့ အများကတော့ မြန်မာအစိုးရနဲ့ တွေ့ဆုံညှိနှိုင်းမှု တစုံတရာရှိထားပြီးသားအဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ကျတော့ အခုအချိန်အထိ မြန်မာတပ်မတော်ကော မြန်မာအစိုးရကော ကျနော်တို့ကို လက်နက်ချမှ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို ပါဝင်ခွင့်ရမယ် ဆိုတဲ့ပုံစံမျိုး ပြောဆို ထားတာရှိတယ်။ ဆိုတော့ အဲဒီလိုမျိုးအနေအထား မတူတဲ့အောက်မှာ ကျနော်တို့ဘက်က သွားလိုက်မယ်ဆိုရင် အခြားမဟာမိတ်တွေအတွက် အစည်းအဝေးတွေမှာ ကြန့်ကြာမှု့တွေ အစည်းအဝေးတွေမှာ ဖြစ်မှာကို ကျနော်တို့ဘက်က စိုးရိမ်တယ်ပေါ့လေ။

နောက်တခုက အခု မိုင်ဂျာယန်မှာလုပ်တဲ့ပွဲက အထူးသဖြင့် ဦးဆောင်တာက အိမ်ရှင် KIO နဲ့ RCSS အဖွဲ့အစည်းဖြစ်တယ်။ RCSS အဖွဲ့အစည်းနဲ့က ကျနော်တို့ တိုက်ပွဲအရမ်းပြင်းထန်တဲ့ကာလဖြစ်တယ်။ ကျနော်တို့ဘက်က တွေ့ဆုံညှိနှိုင်းဖို့တောင်းဆိုထားပေမယ့်လည်း သူတို့ဘက်က တရက်ပြီးတရက်ရွေ့နေတယ် အခုအချိန်အထိ မတွေ့ဆုံရသေးဘူး။ ဆိုတော့ ဒီပွဲကို ကျနော်တို့ သွားလိုက်မယ်ဆိုရင်ဆွေးနွေးမှုတွေဖြစ်သွားပြီးတော့လေ ကျန်တဲ့ညီလာခံ ဦးတည်ချက်တွေမရောက်သွားပဲနဲ့ ပိုမိုပြီး ကြန့်ကြာသွားမှာကို ကျနော်တို့ဘက်က စိုးရိမ်မှုရှိတယ်ပေါ့။ အဲဒါကြောင့်မို့လို့ မသွားဖို့ ကျနော်တို့ဘက်က ဆုံးဖြတ်ချက်ချလိုက်တာပေါ့။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ ။ ခုနက တာပန်လ ပြောသွားတဲ့အထဲမှာ ၂ ချက်တွေ့ပါတယ်။ ပထမတချက်ကတော့ လက်ရှိဆွေးနွေးနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အခြေအနေမတူတဲ့ အနေအထားပေါ့။ ဒုတိယအချက်ကတော့ RCSS နဲ့ ဖြစ်တဲ့ ပြဿနာပေါ့။ ကျနော် ပထမအချက်ကို အဓိကဇောင်းပေးပြီးတော့ မေးချင်ပါတယ်ခင်ဗျ။ အဲဒီတော့ တာပန်လ တို့က မိုင်ဂျာယန်ညီလာခံ မတက်ဘူးဆိုတဲ့အခါကျတော့ လက်ရှိအစိုးရသစ်ကလုပ်နေတဲ့ ၂၁ ရာစုပင်လုံ ညီလာခံနဲ့ပတ်သက်လို့ရော ဘယ်လိုသဘောထားရှိသလဲ။ တက်ဖို့ကော စဉ်းစားတာရှိလား။

ဖြေ။ ။ အစိုးရသစ်နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုလုပ်လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း အဆင်သင့် ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့တော့ မဖြစ်သေးဘူးပေါ့လေ ။ တွေ့ဆုံ ညှိနှိုင်းမှုတွေရှိသွားပြီဆိုရင်တော့ ကျနော်တို့ အဲဒီသဘောထားတွေ ပြောဆို လို့ရမှာဖြစ်ပါတယ်။

မေး။ ။ လက်တလောမှာတော့ အစိုးရကနေ ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့ထားတာရှိပါတယ်။ ငြိမ်းချမ်းရေး ကော်မတီကရော TNLA ကိုဆက်သွယ်တာ ၊ မေးမြန်းတာ ၊ တီးခေါက်တာမျိုးကောမရှိဘူးလား။

ဖြေ။ ။ သူတို့တွေအနေနဲ့ အကြိုပြင်ဆင်ရေးကော်မတီ ဆပ်ကော်မတီ ၂ ကနေပြီးတော့ ၀ နဲ့ မိုင်းလားတွေကို သွားတွေ့တဲ့အချိန်မျိုးမှာ ကျနော်တို့ဘက်က ဝနဲ့ မိုင်းလားတွေရဲ့ စီစဉ်ပေးမှုကြောင့် ကျနော်တို့ဘက်က အလွတ်သဘော ၊ အလွတ်သဘောဆိုပေမယ့် မိတ်ဆက်တဲ့သဘောအနေအထားတော့ ကျနော်တို့ မိနစ် ၃၀ နီးပါးလောက် တွေ့ဆုံဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင်ဆွေးနွေးပွဲတော့ အခုအချိန်အထိ မဖြစ်သေးဘူးပေါ့လေ။ တရားဝင်ဆွေးနွေးပွဲဖြစ်ဖို့အတွက်က တပ်မတော်ဘက်ကနေပြီးတော့ အနည်းဆုံး လက်နက်စွန့်ရမယ်ဆိုတဲ့ ကတိကဝတ်ကို ထုတ်ပြန်ကြေညာချက်ပေးရမယ်။ အဲဒီလိုမျိုးလက်နက်စွန့်ရမယ်လို့ ကတိကဝတ်ပေးမှသာလျှင် သူတို့ဘက်က တရားဝင်ဆွေးနွေးမှုပြုလုပ်နိုင်မယ်လို့ အဲဒီလိုမျိုးကျနော်တို့ကို ဖိအားပေးထားတာမျိုးတွေရှိပါတယ်။

မေး။ ။ တပ်မတော်ဘက်ကနေပြီးတော့ TNLA ကို လက်နက်ချမှ စကားပြောနိုင်မယ်ဆိုတာက တရားဝင်ပြောတာလား၊ ဘယ်ကတဆင့်ပြောတာလဲ။

ဖြေ။ ။ ခုနက ဒီမိတ်ဆက်ပွဲမှာ တရားဝင်ပြောတာမျိုးရှိသလို သူတို့ ကိုယ်စားလှယ်တွေဘက်ကနေတဆင့် အထူးသဖြင့် တပ်မတော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးခင်ဇော်ဦးတို့ ၊ ဦးတင့်ဇော်တို့ကနေတဆင့် လည်း ပြောဆိုလာတာမျိုးတွေရှိပါတယ်။

မေး။ ။ ဒီ ၂၁ ပင်လုံ ညီလာခံ တက်၊ မတက်ဆိုတာ မသေချာသေးတဲ့အခြေအနေမှာ တဘက်မှာလည်း မိုင်ဂျာယန် တိုင်းရင်းသားညီလာခံကိုလည်း TNLA က မတက်ဘူးဆိုတော့ လက်ရှိသွားနေတဲ့လုပ်ငန်းစဉ်မှာ ကိုယ်က သီးသန့်လိုမဖြစ်နေဘူးလား။ တစုံတရာအခွင့်အရေး ကိုယ့်ဘက်က လွတ်သွားတယ်လို့ရော မတွက်မိဘူးလား။

ဖြေ။ ။ ကျနော်တို့ဘက်က ပူးပေါင်းပါဝင်ဖို့ အထူးသဖြင့် ဒီအစိုးရသစ်နဲ့ ပူးပေါင်းပါဝင်ပြီးတော့ ဒီနိုင်ငံကို ပြန်လည်တည်ဆောက်ပြီးတော့ ဒီပြည်တွင်းစစ် ချုပ်ငြိမ်းသွားဖို့ ကျနော်တို့ဘက်က ဆန္ဒရှိပါတယ်။ ဒါပေမယ့် ယခုအချိန်အထိ အစိုးရကနေပြီးတော့ လာရောက်ပြီးတော့ တွေ့ဆုံညှိနှိုင်းတာလည်း မရှိသေးတဲ့အတွက် ဒီ ကျနော်တို့ တပ်ဖွဲ့နဲ့ အခြေအနေမတူတဲ့ အချိန်မျိုးမှာ ကျနော်တို့အပေါ်မှာရှိနေတဲ့အခက်အခဲက ကျန်တဲ့လူတွေ ၊ ကျန်တဲ့မဟာမိတ်အဖွဲ့အစည်းတွေအပေါ် သက်ရောက်သွားတာမျိုးကို ကျနော်တို့ဘက်က မလိုလားပါဘူး။ ကျနော်တို့လဲ အဲဒီအပိုင်းမှာ စိုးရိမ်မှုရှိပါတယ်။”

TNLA တာဝန်ရှိသူ တာပန်လကို ဗွီအိုအေက ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်း ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG