သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအကြမ်းဖက်မှု အစိုးရ စုံစမ်းစစ်ဆေးဆဲ


 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်တပ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး အခုအချိန်ထိ ဘယ်သူ့လက်ချက်လဲ ဆိုတာ သေချာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး လက်နက်တွေ ပျောက်ဆုံးခဲ့ရတဲ့ မောင်တော ဒေသတွင်း တပ်မတော်က အင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တုံ့ပြန်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသုံးခု တိုက်ခိုက်ခံရပြီး ၄ ရက်အကြာ ဗုဒ္ဓဟူးနေ့ အထိ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေကြား ထိပ်တိုက်တွေ့မှုတွေ ရှိနေပါတယ်။ အကြမ်းဖက်မှုရဲ့ လက်သည် တရားခံနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးတဲ့ အကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“အချက်အလက် သွားရောက် စုဆောင်းတဲ့ အဖွဲ့ ပြန်မလာသေးသလို သတင်းလည်း မပို့သေးပါဘူး။ ဒါကြောင့် သူတို့ ဘာတွေ တွေ့ထားသလဲဆိုတာ ကျမ အနေနဲ့ မပြောနိုင်သေးပါဘူး။ တိုက်ခိုက်ခံရတဲ့ ဒေသတွေကို ဒီကနေ့ မနက်သူတို့ သွားဖို့မှာလည်း ရာသီဥတုက မကောင်းလို့ ရဟတ်ယာဉ် သုံးလို့ မရပါဘူး။ ဒါကြောင့် မော်တော်ဘုတ်နဲ့သွားရပါတယ်။ ၁၅ ရက်နေ့လောက် သူတို့ ပြန်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက်မှာမှ သူတို့ ဘာတွေ တွေ့ခဲ့သလဲ ဆိုတာကို ပြောနိုင်မှာပါ။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ကျမတို့ အနေနဲ့ အတိအကျ မသိရသေးခင်မှာတော့ မှတ်ချက် တစုံတရာ ပေးနိုင်မှာ မဟုတ်ပါဘူး။”

ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ မောင်တောမြို့နယ်တွင်းက ဒေသတွေကို ကိုယ်တိုင်သွားရောက်နေပြီး ဒီကနေ့မှာတော့ ရာသီဥတု ဆိုးရွားတာကြောင့် ရဟတ်ယာဉ်နဲ့ သွားလာလို့ မရဘဲ မော်တော်ဘုတ်တွေနဲ့ ခရီးထွက်သွားပြီ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုပါတယ်။ နောက်ရက်အနည်းငယ် အတွင်းမှာ မြေပြင် အခြေအနေတွေကို ပိုပြီး တိတိကျကျ သိရှိလာမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။ မနေ့ အင်္ဂါနေ့ကတော့ တပ်မတော် စစ်ကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေ ထိပ်တိုက်တွေ့တာကြောင့် မောင်တောမြို့နယ်တွင်းက ဒေသ ၂ ခုတို့မှာ နှစ်ဘက်စလုံးက အနည်းဆုံး ၈ ဦး သေဆုံးတယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း တပ်မတော်အင်အားသုံး ဝင်ရောက်တာကြောင့် မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် အနောက်ပိုင်း ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ချက်တွေ ထွက်ပေါ်လာတဲ့ အပေါ်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တုံ့ပြန်ပါတယ်။

“လူ့အခွင့်အရေး ပြသနာ မရှိဘူးဆိုတဲ့ နိုင်ငံကို ပြစမ်းပါ။ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပြဿနာ တွေဟာ နိုင်ငံတိုင်းမှာ ရှိနေတယ်လို့ ကျမ ယူဆပါတယ်။ ကျမတို့ နိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို အလေးအနက် ထားပြီး ကိုင်တွယ်နေပါတယ်။ ဂရုတစိုက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် နားလည်ထားရမှာက ကျမတို့ နိုင်ငံက ရာစုနှစ်ဝက်ကျော် ရှိခဲ့တဲ့ စနစ်ကြီးကို ကိုင်တွယ် ဖြေရှင်းဖို့ ဆိုတာ နေ့ချင်း ညချင်း ပြောင်းပစ်လို့တော့ မရနိုင်ပါဘူး။ လူ့အခွင့်အရေးဆိုတာ အစိုးရ တခုတည်းက ဖော်ဆောင်လို့ ရတာ မဟုတ်ဘဲ လူထုလည်း ပါဝင်ရပါမယ်။ လူ့အခွင့်အရေးဆိုတာ ကိုယ့်အတွက်ဘဲလို့ တချို့က ထင်ကြပါတယ်။ အဲဒါ မဟုတ်ပါဘူး။ တခြားလူတွေရဲ့ အခွင့်အရေးကို ထည့်မတွက်ကြဘူး။ တကယ်တန်း အဲသလို လုပ်လို့ မရပါဘူး။”

ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ပြီးခဲ့တဲ့ ရက်က ကိုယ်တိုင်သွားရောက်ခဲ့တဲ့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးကလည်း Bert Koenders က အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျနော့် အနေနဲ့ မှတ်ချက် တစုံတရာ ပေးဖို့ လိုမယ် မထင်ပါဘူး။ ဒါ့ အစိုးရရဲ့ တာဝန်ပါ။ ကျနော်တို့ ဆွေးနွေးခဲ့ကြတာကတော့ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ သဘောသဘာဝတွေ၊ ဒါတွေကို သင့်တင့်လျောက်ပတ်အောင် ဘယ်လို ဖြေရှင်းကြမလဲ၊ ကျနော်ထင်တာတော့ နည်းလမ်းတွေကတော့ အများကြီးပါ။ ပြန်လည်သင့်မြတ်ရေးကို ဘယ်လို လုပ်ကြမလဲ။ သိပ်လဲ ရှုပ်ထွေးပါတယ်။ ကျနော့် အနေနဲ့ ဒေသခံတွေကို ပန်ကြားခဲ့တာကတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူတွေ ရရှိစေဖို့၊ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်တို့ ပိုပြီး ရရှိစေဖို့ပါ။ စုံစမ်းစစ်ဆေးဖို့ကတော့ အစိုးရရဲ့ တာဝန်သာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်စခန်း ၃ ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး အင်္ဂါနေ့က ၄ ဦး ကျဆုံးတောကြောင့် မောင်တော ပဋိပက္ခ အတွင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၃ ဦး ကျဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေ ဘက်ကတော့ အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ၂ ဦးကို အရှင်ဖမ်းမိထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG